၃၀.၆.၂၀၂၆
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံမြောက်ပိုင်း၊ Lower Saxony ပြည်နယ်အတွင်း ဟမ်းဘတ်ဆိပ်ကမ်းမြို့အနီးမှ စတေ့ဒ် (Stade) မြို့ရှိ မိခင်နှင့်ကလေးဂေဟာတစ်ခုတွင် ဇွန်လ ၂၉ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။
ရဲတပ်ဖွဲ့က သေဆုံးသူငါးဦးကို ကနဦးသတင်းပို့ပြီးနောက် ခြောက်ယောက်မြောက်လူကြီးတစ်ဦး ဆေးရုံ တွင် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအားလုံးက ဂေဟာဝန်ထမ်းများဖြစ်ကြောင်း သိရသည်။


ထိုနေ့က ဂေဟာတွင် ကလေးထိန်းသိမ်းစောင့်ရှောက်ရေးအငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ရာ၌ ပါဝင်သည်ဟု ယူဆရသော အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက လူခြောက်ဦးသေဆုံးခဲ့သော ပစ်ခတ်မှုတွင် သံသယရှိသူဖြစ်ကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။
ထိုအမျိုးသားကို ဂေဟာနေ့လယ်ပိုင်းတွင်မဖွင့်မီ ပစ်ခတ်မှုမဖြစ်ပွားခင် ဇွန်လ ၂၉ ရက်အစောပိုင်းက စတေ့ဒ်မြို့ ရှိ ဂေဟာတွင် ချိန်းဆိုထားသည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါသေနတ်သမားဟု စွပ်စွဲခံရသူ၊ ၎င်း၏ မိခင်နှင့် အခြားအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။ သံသယရှိသူ သေနတ်သမားက ဟန်နိုဗာဒေသတွင် နေထိုင်ပြီး ဂျာမနီတွင် မွေးဖွားကာ တူရကီနွယ်ဖွားဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
“ကာကွယ်မှုပေးဖို့ ရည်ရွယ်ထားတဲ့နေရာမှာ အကြမ်းဖက်မှုအတိုင်းအတာကို ကျွန်တော် အရမ်းအံ့သြမိပါတယ်” ဟု ဂျာမနီသမ္မတ ဖရန့်ခ်-ဝေါလ်တာ စတိန်းမီယာက ပြောကြားခဲ့သည်။


ဂျာမနီတွင် အထူးသဖြင့် အမေရိကန်နှင့် နှိုင်းယှဉ်ပါက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများသည် ရှားပါးသည်။ ၂၀၂၃ ခုနှစ်တွင် ဟမ်းဘတ်မြို့ရှိ သေနတ်သမားတစ်ဦးသည် ယေဟောဝါသက်သေများ၏ ဝတ်ပြုရာခန်းမတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမပြုမီ လူခြောက်ဦးကို ပစ်သတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စွဲလမ်းနေသော အသက် ၁၈ နှစ်အရွယ် ဂျာမန်-အီရန် အမျိုးသားတစ်ဦးသည် မြူးနစ်မြို့တွင် အနည်းဆုံး လူကိုးဦးကို သတ်ဖြတ်ခဲ့သည်။
ရဲတပ်ဖွဲ့က ဖြစ်ရပ်ဖြစ်ပွားခဲ့သည့်နေရာမှ ဝေးဝေးနေရန် လူများကို သတိပေးခဲ့သော်လည်း နောက်ပိုင်းတွင် အများပြည်သူအတွက် အန္တရာယ်မရှိကြောင်း ပြောကြားခဲ့သည်။
Ref-Reuters

