သတိုး
၃၀. ၆. ၂၀၂၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထောင်လွန် ဆီဆိုလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) သုံးရက်ကြာ သွားရောက်မည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုခရီးစဉ်သည် လာအိုနှင့် မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်း ဖြစ်သည်။
အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရေး၊ နီးကပ်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ရပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ပိုမိုခိုင်မာကာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။
လာအိုနှင့် မြန်မာနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြပြီး ထိုအချိန်မှစ၍ နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် မူဘောင်များမှတစ်ဆင့် ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းလုပ်ဆောင်လာခဲ့ကြသည်။
ခရီးစဉ်အတွင်း သမ္မတကြီး ဦးမင်းအောင်လှိုင်သည် လာအိုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ရှိပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သမိုင်းမှတ်တိုင် နှစ်ပတ်လည် အထိမ်းအမှတ် လှုပ်ရှားမှုများတွင်လည်း ပါဝင်တက်ရောက်မည်ဟု မျှော်လင့်ရသည်။
ယခု နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်နှင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ရန် နှစ်နိုင်ငံလုံး၏ ကတိကဝတ်ပြုမှုကို ထင်ဟပ်စေသည်။
ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံက ဖိတ်ခေါ်သည့် ခရီးစဥ်၊ တရုတ်နိုင်ငံက ပထမဆုံးဖိတ်ခေါ်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်များကို သွားရောက်ခဲ့သလို လာအိုနိုင်ငံမှာ ပထမဆုံးအာဆီယံခရီးစဥ်ဖြစ်လာသည့်အပြင် ယခုရက်ပိုင်းအတွင်း ဘယ်လာရုစ်သမ္မတကို မြန်မာနိုင်ငံ၌ ကြိုဆိုဧည့်ခံဦးမည်ဖြစ်သည်။
Ref : Vientiane Times
