◾ ငလျင်ကြီးများကြောင့် လူပေါင်း ၆၈,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကာ ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလျံ ခန့်ရှိနိုင်
၂၉.၆.၂၀၂၆
Translated by Htwe Ko Tun
ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက် ညနေပိုင်းက ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်များကြောင့် တိုက်ရိုက် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှု ကုန်ကျစရိတ်မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ ကနဦး ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလျံ ခန့် ရှိနိုင်ကြောင်း သိရသည်။
ဗင်နီဇွဲလားတွင် ပြင်းအား မဂ္ဂနီကျူ့ ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ အသီးသီးရှိသော အင်အားပြင်း မြေငလျင်များ ဖြစ်ပွားခဲ့ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရာတွင် လေးရက်အကြာ ဇွန်လ ၂၈ ရက် အထိ သေဆုံးသူ အနည်းဆုံး လူပေါင်း ၁,၄၃၀ ဦး ရှိသွားပြီဖြစ်ကြောင်းလည်း သတင်းရရှိချက်များအရ သိရသည်။ ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် နောက်ထပ် ၃,၂၃၈ ဦး ဒဏ်ရာရရှိခဲ့သေးသည်။


ဗင်နီဇွဲလားအာဏာပိုင်များက အသက်ရှင်ကျန်ရစ်သူများကို ပြန်လည်ရှာဖွေခဲ့ရာ အပျက်အစီးပုံများကြားမှ အနည်းဆုံး ၃၃ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။ သတင်းပေး ပို့ချက်များအရ ငလျင်လှုပ်ပြီးနောက် ဇွန်လ ၂၈ ရက်ထိ ပျောက်ဆုံးနေသူ ၆၈,၀၀၀ ကျော်ရှိမည်ဟုလည်း သိရသည်။ သို့သော် ငလျင်ကြောင့် ဆက်သွယ်ရေးလိုင်းများနှင့်အင်တာနက်လိုင်းများလည်း ပြတ်တောက်လျက်ရှိရာ ထိုစာရင်း၌ပင် အတိုးအလျော့များရှိနိုင်ကြောင်း သိရသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်နေသော ဗင်နီဇွဲလား အထူးကု ၃၀,၀၀၀ ကို ပံ့ပိုးရန်အတွက် နိုင်ငံတကာမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များသည် ကမ္ဘာတစ်ဝန်းမှ လေယာဉ်များဖြင့် ရောက်ရှိလာခဲ့သည်။ ဗင်နီဇွဲလား ကြားဖြတ်သမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံပေါင်း ၂၄ နိုင်ငံသည် ယခုအချိန်အထိ ထောက်ပံ့ရေးပစ္စည်းများ ၅၂၁ တန်၊ ခွေးအဖွဲ့ ၈၆ ဖွဲ့နှင့် ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ပံ့ပိုးကူညီ ရေးဝန်ထမ်း ၂,၇၄၁ ဦးကျော်ကို ပေးပို့ခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခဲ့ကြောင်း ဇွန်လ ၂၈ ရက်က ပြောကြားခဲ့သည်။

ဒေသခံအများအပြားကလည်း ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အပျက်အစီးပုံများကြားတွင် ကိုယ်တိုင်ကိုယ်ကျ တူးဖော်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့ကြသည်။ လူမှုမီဒီယာတွင် ပျံ့နှံ့နေသော ကြောက်မက်ဖွယ်ဗီဒီယိုများတွင် ကယ်ဆယ်ရေးသမားများသည် ကလေးငယ်များအပါအဝင် ဒဏ်ရာရပိတ်မိနေသူများကို ပြိုလဲနေသော အဆောက်အအုံ အပျက်အစီးပုံများမှ ဆွဲထုတ်နေသည်ကို တွေ့ကြရသည်။
ငလျင်လှုပ်ပြီးနောက် အပျက်အစီးပုံများကြား ပိတ်မိနေမည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနိုင်မည့် အရေးကြီးဆုံးဖြစ်သော ၇၂ နာရီ ရွှေရောင်အချိန်ကာလ (Golden Window) ကျော်လွန်သွားပြီ ဖြစ်သော်လည်း နိုင်ငံတကာမှ ရောက်ရှိလာသော ကယ်ဆယ်ရေးအဖွဲ့ဝင် ၂,၀၀၀ ကျော်က ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြလျက်ရှိသည်ကို တွေ့ကြရသည်။
Ref-Euro News
