၂၉.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းအတွင်း နိုင်ငံ့ဝန်ထမ်းများ လုပ်သက် နှစ် (၃၀) နှင့်အထက် ဝန်ထမ်းများ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူသော ဝန်ထမ်းများအား မြေကွက်နေရာချထားပေးရန် လက်ရှိတွင် အစီအစဉ်မရှိသေးကြောင်းနှင့် စီမံကိန်းများရေးဆွဲပြီး နိုင်ငံတော်အဆင့် လမ်းညွှန်မှုများ တင်ပြရရှိပြီးပါက ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဇွန် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာ၏ “ရန်ကုန်တိုင်းအတွင်းရှိ လုပ်သက် အနှစ် (၃၀)နှင့်အထက် ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်း အငြိမ်းစားယူသော ဝန်ထမ်းများအား မြေကွက်များချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” နှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က “ယခု အစိုးရသစ် တာဝန်ယူတဲ့ အစဦးကာလမှာ မြို့ပြစီမံကိန်းများနှင့် ပတ်သက်တဲ့ စီမံကိန်းများကို ရေးဆွဲဖို့ အစီအစဉ် ဆောင်ရွက်ဆဲ အခြေအနေဖြစ်ပါတယ်။ ရေးဆွဲပြီးပါကလည်း ကျွန်တော်တို့ ပြည်ထောင်စုဆင့်ကို လမ်းညွှန်မှု ရယူပြီးတော့မှ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ယခု လောလောဆယ်မှာတော့ ကျွန်တော်တို့ လုပ်သက်ရင့် ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးရန် အစီအစဉ် မရှိသေးပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ ပြန်လည်တင်ပြအပ်ပါတယ်ခင်ဗျာ” ဖြေကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဦးသော်တာက ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပြီး လူတစ်ယောက်ဟာ မွေးဖွားရာကနေ ကြီးပြင်းလာခဲ့ပြီး ပညာသင်ကြားမှု ပြီးဆုံး၍ လုပ်ငန်းခွင်ဝင်ရောက်ပြီး အနှစ် (၃၀) ကြာတဲ့အချိန်မှာ ဘဝရဲ့ နောက်ဆုံးအချိန် နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းအချိန် ပင်စင်ယူလိုက်ရသည့်အတွက် ဝင်ငွေလျော့နည်းခြင်း၊ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေးရခြင်း၊ ငွေကြေးဖောင်းပွမှု အခြေအနေကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့်များစွာ ခက်ခဲကြရကြောင်း၊ ယခု မေးခွန်းသည် တတိယအကြိမ် လွှတ်တော်နှင့်အတူ ပေါ်ပေါက်လာသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပေါ်လစီ ရည်မှန်းချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတိုင်းပြည်နှင့်နိုင်ငံအတွက် ဘဝတစ်ခုလုံး ရင်းနှီးမြှုပ်နှံ၊ တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို မေးမြန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။



“ဆက်စပ်မေးခွန်းတွေ ကျွန်တော် မေးမြန်းလိုတာကတော့ တတိယအကြိမ် လွှတ်တော်နဲ့အတူ ပေါ်ပေါက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သက်တမ်းမှာ နိုင်ငံတော်မှ ပေးအပ်တဲ့ မြေကွက် သို့မဟုတ် တန်ဖိုးနည်းအိမ်ရာ အခွင့်အရေး တစ်ကြိမ်တစ်ခါမှရဖူးခြင်း မရှိခဲ့ကြတဲ့ လုပ်သက် နှစ် (၃၀) နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ နောက်ပိုင်း အငြိမ်းစားယူခဲ့ကြတဲ့ လုပ်သက် နှစ် (၃၀) ကျော် ဝန်ထမ်းများအတွက် မြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် ရှိ၊ မရှိ နှင့် နံပါတ် (၂)ကတော့ အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်လဲ ဆိုတာကို သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ” တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။
ထို့နောက် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က စီမံကိန်းရေးဆွဲဆဲအဆင့်သာရှိပြီး လက်ရှိအခြေအနေတွင် နိုင်ငံ့ဝန်ထမ်းများကို မြေကွက်ချထားပေးရန် အစီအစဉ်မရှိကြောင်း၊ စီမံကိန်းအဆင့်ဆင့်ရေးဆွဲ တင်ပြပြီး နိုင်ငံတော်၏ လမ်းညွှန်မှုရရှိပြီးပါက ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်မံဖြေကြားခဲ့သည်။
“ကျွန်တော် ခုနက ဖြေကြားထားပြီးသားထဲမှာ ပါရှိပါတယ်။ ကျွန်တော်တို့က အစိုးရသစ်ရဲ့ အစပိုင်းကာလ ဖြစ်တယ်၊ မြို့ပြစီမံကိန်းများ ဖော်ဆောင်မှုအတွက်ကို ကျွန်တော်တို့ ဒီအစီအစဉ်တွေကို စီမံဆောင်ရွက်ဖို့အတွက် စတင်ပြီးတော့ ဆောင်ရွက်နေရတဲ့ ဒီစီမံကိန်း Project တွေကို စဖို့အတွက် အစီအစဉ် ရေးဆွဲနေတဲ့ ကာလဖြစ်ပါတယ်။ အဲတော့ အစီအစဉ် ရေးဆွဲပြီးရင်လည်း ကျွန်တော်တို့ ဥပဒေအရ မြို့ပြမြေစီမံခန့်ခွဲမှုက နိုင်ငံတော်ရဲ့လမ်းညွှန်မှုကို ခံယူပြီးတော့မှ ကျွန်တော်တို့က တိုင်းဒေသကြီးအဆင့်က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့က လက်ရှိ ဒီစီမံကိန်းကို ရေးဆွဲဖို့ အစီအစဉ်ပဲ ရှိပါသေးတယ်။ အဲတော့ ဒီအဆင့်တွေပြီးမှ ကျွန်တော်တို့က ခုနပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို ကျွန်တော်တို့က အစီအစဉ်ပေးဖို့ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ လက်ရှိအခြေအနေပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ကျွန်တော်တို့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို အခုလက်ရှိ ချထားပေးဖို့ဆိုတာ အစီအစဉ် မရှိသေးဘူးဆိုတာကို ကျွန်တော်က ဖြေကြားခြင်း ဖြစ်ပါတယ်။ တကယ်လို့ ခုနကျွန်တော် ပြောတဲ့ စီမံကိန်းတွေ ကျွန်တော်တို့ ဆွဲလို့ရပြီ၊ နိုင်ငံတော်ကိုလည်း တင်ပြဖို့ ရပြီဆိုရင် လမ်းညွှန်မှု ရပြီဆိုရင်တော့ အဲဒီအချိန်မှာ ကျွန်တော်တို့က အစီအစဉ် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဖြေကြားခဲ့သည်။



