



၂၆.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဆေးလိပ်သောက်ခွင့်ရှိသောနေရာ (Smoking Zone) ထားရှိရမည်ဖြစ်ပြီး မလိုက်နာပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်ဟု လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဇွန် ၂၆ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားချိန် ထည့်သွင်းပြောကြားသည်။
မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမင်းသိန်းထွန်း၏ “လူအများကျန်းမာရေး ထိခိုက်မှုမရှိစေရန် အများနှင့်သက်ဆိုင်သည့် နေရာများတွင် စည်းကမ်းမဲ့ ဆေးလိပ် သောက်သုံးနေသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဟန့်တားပေးရန်အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက လာရောက်ဖြေကြားခဲ့ရာတွင် “စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များထံ လုပ်ငန်းလိုင်စင် လျှောက်ထားစဉ်အတွင်း ဆေးလိပ်သောက်ခွင့်ရှိသောနေရာ (Smoking Zone) ထားရှိရေး ဆောင်ရွက်ပြီးမှသာ လုပ်ငန်းဆောင်ရွက်ခွင့်အား ခွင့်ပြုလျက်ရှိပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များနဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့များက လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းများဆောင်ရွက်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရပ်ကွက်များအတွင်း အလှူပွဲ/မင်္ဂလာဆောင်များပြုလုပ်ပါက ၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် သောက်သုံးမှုဥပဒေအရ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များထံ ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့်နေရာများတွင် စည်းကမ်းမဲ့ ဆေးလိပ်မသောက်ရန် ဝန်ခံကတိပြုရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTC) နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့၏ လမ်းညွှန်ချက်အရ အများပြည်သူသုံး ဘတ်စ်ကားများ၊ သင်္ဘောများပေါ်တွင် စည်းကမ်းမဲ့ ဆေးလိပ်သောက်ခြင်းအား တားမြစ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၎င်းနေရာများမှာလည်း ဆေးလိပ်သောက်သုံးရန်နေရာများ သီးခြားနေရာ သတ်မှတ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၎င်းဥပဒေ အခန်း (၄)တွင် ဖော်ပြထားမှုအရ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် စည်းကမ်းမဲ့ ဆေးလိပ်သောက်သုံးခြင်းအား တားမြစ်ထားပြီး ဥပဒေအခန်း (၅) တွင် ဆေးလိပ်သောက်ခွင့်ရှိသောနေရာ (Smoking Zone) ထားရှိရေးပါရှိရမည်ဟု ဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (နေပြည်တော်) အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့အား ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စသည့် ဝန်ကြီးဌာနများမှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများနဲ့ ဥပဒေဆိုင်ရာ အရေးယူမှုကိစ္စများအား အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
” ဥပဒေအရအများနဲ့ သက်ဆိုင်တဲ့ နေရာများမှာ စည်းကမ်းမဲ့ ဆေးလိပ်သောက်ခြင်းကို ပညာပေးကာလ သတ်မှတ်၍ အသိပညာပေးခြင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူ ဆောင်ရွက်မည့် နည်းလမ်းများကို အဖွဲ့ဝင် ဝန်ကြီးဌာနများဖြင့် အသေးစိတ် ဆွေးနွေး ဆုံးဖြတ်ချက်များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ထပ်ဆင့် ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှု၊ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး အဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့်အဖွဲ့များ ဖွဲ့စည်းကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့သည်။
