





၂၅.၆.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ ဝရုဏာ (၄) လမ်း(အထက်) ရှိ ခြောက်ထပ်တိုက်၊ လေးလွှာတိုက်ခန်းတွင် ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၁ နာရီခန့်က တိုက်ခန်းထဲဝင်ခိုးသူမှာ အိမ်ရှင်မြင်တွေ့သဖြင့် ကြောက်လန့်ထွက်ပြေးရင်း လေးလွှာတိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရာ ပြုတ်ကျမှုကြောင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။
လေးလွှာတိုက်ခန်းထဲသို့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ဇွန်လ ၂၅ ရက် နံနက် ၁နာရီခန့်က ဝင်ရောက်ကာ ခိုးယူရန်ကြိုးစားစဥ် တိုက်ခန်းနေထိုင်သူများက တွေ့ရှိသဖြင့် အော်ဟစ်အကူအညီတောင်းမှုကြောင့် ဝင်ရောက်ခိုးယူသူမှာ ကြောက်လန့်ကာ လေးလွှာတိုက်ခန်း၏အနောက်ဘက်မှ ခုန်ချထွက်ပြေးချိန် မိလ္လာဆားဗစ်ကျင်းအဖုံးပေါ် မှောက်လျက်သား ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
“တိုက်ခန်းထဲဝင်လာတဲ့ ကောင်လေးက ငယ်ငယ်ပဲ။ မှောက်လျက်ကျပြီး ပြန်မထနိုင်တော့ဘူး။ ခေါင်းလည်း ထိသွားတယ်။ ဒီရပ်ကွက်ကတော့မဟုတ်ဘူး၊ဆေးရုံမှာ ဆုံးသွားတယ်လို့ကြားတယ်”ဟု ဝရုဏာ (၄)လမ်း(အထက်) အနီး နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
လေးလွှာတိုက်ပေါ်မှ ခုန်ချသူ အမျိုးသားမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိကာ သလိလစ်နေသဖြင့် အေးချမ်းဖြူစင် မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက သင်္ဃန်းကျွန်း စံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး စံပြဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
