


၂၅.၆.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၇ လမ်း၊ ၁၀၆×၁၀၇ လမ်းကြားရှိ HZ ပင်လယ်စာရောင်းဝယ်ရေးဆိုင်တွင် ဝါယာကြိုးများအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဇွန်လ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ပေ ၃၀၊ အနံ ၅၅ ပေရှိ Streel Structure အဆောက်အအုံတွင် ပင်လယ်စာထည့်ထားသော Box ပေါ်၌ ခွေထားသော ဝါယာကြိုးများ အပူလွန်ကဲကာ အနီးတွင်ရှိသော ဖော့များသို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် Streel Structure အဆောက်အအုံနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ပင်လယ်စာရောင်းဝယ်ရေးဆိုင် မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၃၇ နှစ်အရွယ် ဆိုင်ရှင်အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
