MT News
၂၅. ၆. ၂၀၂၆
AYA Bank တွင် အသုံးပြုသည့် Application Portal အဟောင်းတစ်ခုမှ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သော်လည်း ငွေကြေးဆိုင်ရာ အချက်အလက်များ မပါဝင်သဖြင့် ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုနိုင်ကြောင်း ယနေ့တွင် Aya Bank က အသိပေးချက်ထုတ်ပြန်သည်။
နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သော Lapsus$ က ဇွန်လ ၂၃ ရက်တွင် Aya Bank ကို တိုက်ခိုက်ခဲ့ပြီးနောက် သုံးစွဲသူများ၏ အရေးကြီးအချက်အလက်များ ရရှိထားကြောင်းနှင့် Aya Bank က ယင်းတို့ထံ ဆက်သွယ်ရန် ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်မှုမှာ ယမန်နေ့တွင် လူမှုကွန်ရက်၌ စတင်ပျံ့နှံ့လာပြီးနောက် Aya Bank က “ထိုဖြစ်စဉ်နှင့်ပတ်သက်၍
(၁) ၎င်း Portal သည် ဘဏ်၏ Core Banking System/ AYA Pay System/ Card System အစရှိသော ပင်မစနစ်များနှင့်တိုက်ရိုက်ချိတ်ဆက်ထားမှုမရှိသည့်အပြင် အခြား Systems များအား (လုံးဝ)ထိခိုက်မှုမရှိသည့်အတွက် AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များကိုလည်း ပုံမှန်အတိုင်း စိတ်ချလုံခြုံမှုအပြည့်နဲ့ ဆက်လက်အသုံးပြုနိုင်ပါသည်။
(၂) AYA Bank သုံးစွဲသူများ၏ အချက်အလက် လုံခြုံရေးကို အမြဲတမ်းဦးစားပေးဆောင်ရွက်ခဲ့သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်အတွက် AYA Bank သုံးစွဲသူများ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။ AYA Bank ၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ထားလျက်ရှိပါသည်။
(၃) AYA Bank သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ (လုံးဝ)ဘေးကင်းလုံခြုံစွာရှိနေပါကြောင်း နှင့် AYA Bank ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်အသုံးပြုနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။ AYA Bank အသုံးပြုသူများ၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးအထူးတင်ရှိပါသည် ဟု AYA Bank ကို ယုံကြည်စိတ်ချစွာ ဆက်လက် အသုံးပြုနိုင်ကြောင်း အသိပေးချက်ကို ယနေ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။



