သက်တံ့
၂၅.၆.၂၀၂၆
အရွယ်မရောက်သေးသည့် အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အသုံးချမှုဖြင့် ဂျာမန်အမျိုးသားတစ်ဦးနှင့် မိဘဖြစ်သော ထိုင်းစုံတွဲတစ်တွဲကို ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုမိန်းကလေးသည် နိုင်ငံခြားသားများအား လိင်ဝန်ဆောင်မှုပေးရန် ခိုင်းစေခံရသည့်အပြင် ၎င်း၏ လိင်ဆက်ဆံမှုဆိုင်ရာ ဗီဒီယိုများကို ရိုက်ကူးပြီး ရောင်းချရန် အတင်းအကျပ် စေခိုင်းခံခဲ့ရကြောင်းလည်း ဖွင့်ဟခဲ့သည်။
ဤအမှုသည် ထိုင်းနိုင်ငံ၏ လူမှုကွန်ရက်လွှမ်းမိုးသူ (Influencer) တစ်ဦးဖြစ်သော ကန်တောက်ချ် ဖောင်ပိုင်ဘွန်ဝက် (Kantouch Pongpaiboonwet – Gun) ထံသို့ အဆိုပါ ဆယ်ကျော်သက်မိန်းကလေးက အွန်လိုင်းမှတစ်ဆင့် အကူအညီတောင်းခံလာပြီးနောက် လူသိများလာခဲ့ခြင်း ဖြစ်သည်။
Gun က ဇွန်လ ၂၄ ရက်နေ့တွင် အမှုနှင့်ပတ်သက်သည့် အချက်အလက်များကို မျှဝေခဲ့ပြီး၊ ၎င်းအနေဖြင့် ရဲတပ်ဖွဲ့၊ ကလေးသူငယ်စောင့်ရှောက်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ မိန်းကလေးငယ်အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Gun ၏ ပြောကြားချက်အရ မိန်းကလေး၏မိခင်သည် နောက်အိမ်ထောင်ပြုထားပြီး သူမ၏ ပထွေးဖြစ်သူအတွက် မူးယစ်ဆေးဝါးဝယ်ယူပေးရန် မိခင်က သူမကို ခိုင်းစေခဲ့သည့်အပြင် ဘတ်ငွေ ၈၀၀ ရရှိရန်အတွက် ခိုးယူမှုနှင့် လိင်လုပ်ငန်းကဲ့သို့သော တရားမဝင်နည်းလမ်းများကို အသုံးပြုရှာဖွေရန် အတင်းအကျပ် စေခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
Gun ၏အဖွဲ့သည် မိန်းကလေးနှင့်တွေ့ဆုံကာ အသေးစိတ်အချက်အလက်များကို စုဆောင်းခဲ့ရာ မိန်းကလေးက သူမအား လိင်အသားပေး ဗီဒီယိုများ ရိုက်ကူးစေခဲ့ပြီး ထိုဗီဒီယိုများကို နိုင်ငံခြားသားများထံ ရောင်းချခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့အပြင် သူမ၏မိခင်က ဗီဒီယိုအကြောင်းအရာများနှင့်ပတ်သက်၍ ညွှန်ကြားထားသည့် အွန်လိုင်းစာတို (Chat Message) များကိုလည်း သက်သေအဖြစ် ပြသခဲ့သည်။
မိန်းကလေးက ထပ်မံဖွင့်ဟရာတွင် နိုင်ငံခြားသားဖောက်သည်များအား လိင်ဝန်ဆောင်မှုပေးရန် အတင်းအကျပ် စေခိုင်းခံခဲ့ရပြီး အချို့ဖောက်သည်များက ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူမသည် အသက် ၁၄ နှစ်အရွယ်ကတည်းက လိင်အလွဲသုံးစားပြုမှုများကို ခံစားခဲ့ရသော်လည်း အသက် ၉ နှစ်၊ ၆ နှစ်နှင့် ၃ နှစ်အရွယ် မောင်နှမသုံးဦးကို စောင့်ရှောက်ရန်အတွက် အိမ်တွင် ဆက်လက်နေထိုင်ခဲ့ရခြင်း ဖြစ်သည်။
မိန်းကလေးငယ်၏ ပြောကြားချက်အရ အခြားအမျိုးသမီးဆွေမျိုးတစ်ဦးမှာလည်း ယခင်က အလားတူ လိင်အလွဲသုံးစားပြုမှုများကို ခံခဲ့ရပြီး နောက်ပိုင်းတွင် အိမ်မှ ထွက်ခွာသွားခဲ့သဖြင့် အဆိုပါ လိင်အလွဲသုံးစားပြုမှုများသည် သူမအပေါ်သို့ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မိန်းကလေးငယ်၏ ပြောဆိုမှုအရ နောက်တစ်နေ့တွင် ဂျာမန်ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိခဲ့ရသဖြင့် Gun သည် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထိုဖောက်သည်ကို ကြားဝင်ဖမ်းဆီးရန် ပြင်ဆင်ခဲ့သည်။
နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က အသက် ၃၈ နှစ်အရွယ် မိခင်ဖြစ်သူ သာနာမတ် (Thanamart) နှင့် အသက် ၃၆ နှစ်အရွယ် ခင်ပွန်း ဝိသာဝပ် (Withawat) တို့ကို ၎င်းတို့၏ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ လိင်ဝန်ဆောင်မှုရယူရန် ချိန်းဆိုထားသည့် ဂျာမန်အမျိုးသားကိုလည်း ဘန်ကောက်ရှိ ဟိုတယ်တစ်ခုတွင် သီးခြားဖမ်းဆီးခဲ့သည်။
အဆိုပါအိမ်တွင် နေထိုင်နေသော ကလေးများအားလုံးကို အိမ်မှ ခေါ်ထုတ်ကာ လက်ရှိတွင် ကလေးသူငယ်နှင့် လူငယ်စောင့်ရှောက်ရေးဗဟိုဌာန (Children and Youth Welfare Centre) ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိထားကြောင်း သိရပြီး ဖမ်းဆီးထားသူများကို ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
Ref : The Thaiger

