၂၅.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရသည် ကျူးဘားပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြတ်တောက်ကာ နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်ရန်အတွက် ကျူးဘားအပေါ် အဆက်မပြတ် စစ်ပွဲဆင်နွှဲနေကြောင်း ကျူးဘားသမ္မတ မီဂွယ်လ် ဒိုင်အက်ဇ် ကာနယ်လ်က ပြောကြားခဲ့သည်။
ဒိုင်အက်ဇ် ကာနယ်လ်က “ကျွန်တော်တို့ကို အနိုင်မယူနိုင်တဲ့အတွက် ကျူးဘားအပေါ် အမေရိကန်ရဲ့ ရန်လိုမှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာနေပါတယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဒဏ်အောက်မှာ ဘယ်နိုင်ငံမှ ဆက်လက်ရပ်တည်နိုင်မှာ ဒါမှမဟုတ် ရှင်သန်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရက ယုံကြည်နေပုံရတယ်” ဟု X (လူမှုကွန်ရက်) တွင် ရေးသားခဲ့သည်။
ကျူးဘားခေါင်းဆောင်၏ အဆိုအရ အမေရိကန်အစိုးရ၏ လုပ်ရပ်များသည် ကျူးဘားနိုင်ငံ၏ ဝင်ငွေရင်းမြစ်များကို တိုက်ခိုက်နေခြင်းဖြစ်ပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် ဘဏ္ဍာရေးလမ်းကြောင်းများ၊ လောင်စာဆီထောက်ပံ့မှုများနှင့် နည်းပညာလွှဲပြောင်းမှုများကို ပိတ်ဆို့ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးဘားသမ္မတက ၎င်းတို့နိုင်ငံအပေါ် သက်ရောက်နေသည့် စီးပွားရေးဖိအားများသည် ခိုင်မာပြီး ပြင်းထန်မှုရှိကြောင်း ဝန်ခံခဲ့သော်လည်း ယင်းကဲ့သို့သော အခြေအနေဆိုးများအောက်တွင် ကျူးဘားပြည်သူများ၏ ခုခံတွန်းလှန်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ကို အမေရိကန်အစိုးရအနေဖြင့် အံ့အားသင့်နေရပြီဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံသို့ ရေနံတင်ပို့သည့် မည်သည့်နိုင်ငံကိုမဆို ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်က ခြိမ်းခြောက်ကာ စွမ်းအင်အရင်းအမြစ်များ မရရှိအောင် ဖိအားပေးထားသောကြောင့် ကျူးဘားနိုင်ငံတွင် လပေါင်းများစွာကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။
Ref: TASS
