သတိုး
၂၅. ၆. ၂၀၂၆
မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွန်းလာသည့် အစိုးရအဖွဲ့သည် ယခင်အုပ်ချုပ်မှုစနစ်နှင့် နှိုင်းယှဉ်ပါက အကြံပြုချက်များကို “ပိုမိုပွင့်လင်းစွာ” လက်ခံမည့်ပုံစံရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန်က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် မလေးရှားအောက်လွှတ်တော်သို့ ထုတ်ဖော်ပြောကြားလိုက်သည်။
အရှေ့တောင်အာရှနိုင်ငံများသည် စစ်ပွဲဒဏ်ခံနေရသည့် မြန်မာနိုင်ငံ၏ တပ်မတော် ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့နှင့် ထိတွေ့ဆက်ဆံနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြစဉ် ဟာဆန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ကူးပြောင်းနေပြီဖြစ်ကြောင်း ပြသရန် ရည်ရွယ်၍ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၏ ရွေးကောက်တင်မြှောက်မှုအရ သမ္မတအဖြစ် တာဝန်ယူခဲ့ကာ လက်ရှိ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သည်။
ဟာဆန်က ၎င်းအနေဖြင့် ပြီးခဲ့သည့် မေလအတွင်း နေပြည်တော်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခဲ့ကြောင်း မလေးရှားအောက်လွှတ်တော်၌ ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် “ဘုံသဘောတူညီချက် ၅ ချက်” (Five-Point Consensus) အကောင်အထည်ဖော်မှု တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်သည် ၂၀၂၁ ခုနှစ် ဖြစ်စဉ်များအပြီး တာဝန်ယူခဲ့သည့် ယခင်အစိုးရဟောင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီခဲ့သည့် အစီအစဉ်လည်း ဖြစ်သည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်အမြောက်အမြား၏ ပြဿနာကို ဖြေရှင်းမည့် ကြိုးပမ်းအားထုတ်မှုများကဲ့သို့သော အခြားအရေးကြီးသည့် ကိစ္စရပ်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။
“ဒီတစ်ကြိမ်မှာတော့ မြန်မာဘက်က တင်ပြခဲ့တဲ့ အကြံပြုချက်တွေအပေါ် မနှစ်က မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်တုန်းက ရှိခဲ့တဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးပွင့်လင်းလာတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် “အကြမ်းဖက်သမားများ” ဟု သတ်မှတ်ထားသူများနှင့် ဆွေးနွေးရန် ဆန္ဒမရှိခြင်းကြောင့် အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်သည် အများအားဖြင့် ကျရှုံးနေသည်ဟုသာ ရှုမြင်ခြင်းခံထားရသည်။
သို့သော် အာဆီယံခေါင်းဆောင်များအနေဖြင့် အဆိုပါငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်ပါက သဘောတူညီချက်ပါ စည်းကမ်းချက်များကို ပြင်ဆင်မွမ်းမံခြင်း အပါအဝင် မြန်မာနိုင်ငံနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ညွှန်ကြားထားကြောင်း ဟာဆန်က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : The Straits Times
