၂၅.၆ ၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံသားဟောင်း ၁၅ ဦး အပါအဝင် စိစစ်အတည်ပြုထားသူ စုစုပေါင်း ၂၄ ဦးကို နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ နေပြည်တော်တွင် တစ်ဦးချင်းတွေ့ဆုံအကဲဖြတ်မှု ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနများမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်း အကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လူတွေ့မေးမြန်းအကဲဖြတ်ခြင်း မဆောင်ရွက်မီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူးကိုယ်စား လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများဖြစ်ကြသည့် ကျွမ်းကျင်ပညာရှင်တစ်ဦး၊ ရင်းနှီးမြှုပ်နှံသူတစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း ၁၅ ဦး၊ ၎င်းတို့နှင့် သွေးချင်းဆက်စပ်သည့် နိုင်ငံခြားသားခုနစ်ဦး စုစုပေါင်း ၂၄ ဦးကို တစ်ဦးချင်းတွေ့ဆုံကာ အကဲဖြတ်အတည်ပြုခြင်း၊ ပြန်လည်စိစစ်ရန် ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အတွက် လူတွေ့မေးမြန်းအကဲဖြတ်ခြင်း လုပ်ငန်းစိစစ်အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့ တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ဌာန၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
