သတိုး
၂၅. ၆. ၂၀၂၆
ထိုင်းဇနီးဟောင်း၏ သတ်ဖြတ်ခံရသည့် အမေရိကန်သံတမန်မှာ Daniel Riva ဆိုသူဖြစ်ပြီး သတ်ဖြတ်သည့် ဇနီးမှာ သေဒဏ်ကျခံရဖွယ်ရှိနေသည်ဟု ၁၇၈၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် The Times သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်က အမေရိကန်သံတမန် Daniel Riva ကို ဆာကူရာရက်စီးဒန့်ဟိုတယ်တွင် လည်ပင်းနှင့် ဦးခေါင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ဇနီးဟောင်းဖြစ်သူ ထိုင်းအမျိုးသမီး မုန့်ဖုတ်ဆရာမ Pavinee Supasirivisan ကို ဖမ်းဆီးခဲ့သလို လက်ရှိအချိန်တွင် သံသယတရားခံမှာ လူဝင်မှုကြီးကြပ်ရေးပုဒ်မများအပြင် သေဒဏ်အထိ ချမှတ်နိုင်သည့် လူသတ်မှုစွဲဆိုချက်များနှင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။


အမေရိကန်သံတမန်ခင်ပွန်းဟောင်း Daniel Riva ကို သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ဆက်နွှယ်ပြီး ထိုင်းအမျိုးသမီး မစ္စ ပါဝီနီ ဆူပါစီရီဝီဆန် (Pavinee Supasirivisan) အား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုဖြင့် အင်္ဂါနေ့ (ဇွန် ၂၃) က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးထံမှ သိရသည်။ မစ္စ ပါဝီနီ ဆူပါစီရီဝီဆန်သည် ခင်ပွန်းဟောင်းဖြစ်သူ အမေရိကန်သံတမန်ကို သတ်ဖြတ်ခဲ့မှုဖြင့် လူသတ်မှုပုဒ်မနှင့် စွဲချက်တင်ခံထားရသူဖြစ်သော်လည်း ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများကို အရေးယူသည့် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုစွဲချက်ကို ပထမဆုံး ရင်ဆိုင်နေရသည်။
အမည်မဖော်လိုသည့် အဆိုပါရှေ့နေ၏ ပြောကြားချက်အရ ကမာရွတ်မြို့နယ်တရားရုံး၌ ပြုလုပ်သည့် ဒုတိယအကြိမ် ရုံးချိန်းစစ်ဆေးမှုတွင် လဝကအရာရှိများအပါအဝင် တရားလိုပြသက်သေ ၃ ဦးက ထွက်ဆိုခဲ့ကြသည်ဟု သိရသည်။
တရားရုံးတွင် တရားခံအမျိုးသမီးအတွက် ဥပဒေကိုယ်စားလှယ် (ရှေ့နေ) ၂ ဦး ရှိနေသော်လည်း အသေးစိတ်အချက် အလက်များကိုမူ မသိရှိရသေးဘဲ ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရှေ့နေက ဆိုသည်။ အဆိုပါ လဝကပုဒ်မသည် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်ဖြစ်သည်။
ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိတစ်ဦးက အဆိုပါအမှုအတွက် သက်သေများကို စစ်ဆေးခဲ့ကြောင်း အေပီသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ ၎င်းသည် မီဒီယာများကို ဖြေကြားခွင့်မရှိသဖြင့် အမည်မဖော်လိုသည့် စနစ်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခု လဝကအမှု စစ်ဆေးမှု မည်မျှကြာမြင့်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ကျခံရနိုင်သည့် လူသတ်မှုပုဒ်မအတွက် မည်သည့်အချိန်တွင် ဆက်လက်စစ်ဆေးမည်ကိုလည်း မသိရသေးပေ။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သံသယရှိသူအား ကောင်စစ်ရေးရာကူညီမှုများ ပံ့ပိုးပေးထားကြောင်း အတည်ပြုခဲ့သော်လည်း အခြားအသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။


အဆိုပါရှေ့နေ၏ ပြောကြားချက်အရ အသတ်ခံရသည့် သံတမန်ကို မေလ ၁၁ ရက်နေ့က အမေရိကန်သံရုံးနှင့် ၁ ဒသမ ၅ ကီလိုမီတာ (၁ မိုင်ခန့်) ကွာဝေးပြီး သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာဧည့်သည်များအကြား ရေပန်းစားသည့် ဆာကူရာရီစီဒင့် ဟိုတယ် (Sakura Residence & Hotel) ၌ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်အရွယ်သာရှိသေးသည့် အမေရိကန်သံတမန်၏ နာရေးဝတ်ပြုဆုတောင်းပွဲကို ဇွန်လ ၁၃ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ Holy Rood သုသာန်တွင် ဂူသွင်းခဲ့ကြောင်း သိရသည်။
Ref : AP & The Times
