

၂၄.၆.၂၀၂၆
Written by Linn Eain
စပိန် DEMU ရထားဖြင့် ပြေးဆွဲမည့် ရန်ကုန် – မော်လမြိုင် ခရီးစဉ်ကို ဇူလိုင် ၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
DEMU ရထားဖြင့် စတင်ပြေးဆွဲမည့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်အတွက် ရွေးချယ်ဝယ်ယူနိုင်သော ရထားအမျိုးအစားအလိုက် အချိန်စာရင်းနှင့် ဈေးနှုန်းများကိုလည်း ယနေ့ ဇွန် ၂၄ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ခရီးစဉ် မြန်မြန်ဆန်ဆန် သွားလိုသူများအတွက် DEMU ရထားခရီးစဉ်အနေဖြင့် အမှတ် (၈၃) အဆန် (ရန်ကုန် မှ မော်လမြိုင်) အား နံနက် ၅ နာရီတွင် ထွက်ခွာပြီး နေ့လယ် ၁၁ နာရီတွင် ဆိုက်ရောက်မည့်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် (မော်လမြိုင် မှ ရန်ကုန်) ကို နေ့လယ် ၁၂ နာရီတွင် စတင်ထွက်ခွာပြီး ညနေ ၆ နာရီတွင် ဆိုက်ရောက်မည့်ခရီးစဉ်တို့ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ပထမတန်း – ၁၆၀၀၀ ကျပ်၊ အထက်တန်း – ၂၀၀၀၀ ကျပ်တို့ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
DEMU ရထားခရီးစဉ်အနေဖြင့် ရပ်တန့်မည့် ကြားဘူတာများမှာ ရန်ကုန် – တိုးကြောင်ကလေး – ပဲခူး – သိမ်ဇရပ် -ကျိုက်ထို – သထုံ – ပေါင် – မော်လမြိုင်ဘူတာတို့တို့ဖြစ်ကြသည်။
ဆက်လက်ပြီး သက်သောင့်သက်သာစွာဖြင့် ရှုခင်းခံစားလိုသူများအတွက် AirBag/ AAR (လူစီးအမြန်) ရထားခရီးစဉ်အနေဖြင့် အမှတ် (၈၁) အဆန် (ရန်ကုန်မှ မော်လမြိုင်) ကို နံနက် ၇ နာရီခွဲတွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်မည့်ခရီးစဉ်နှင့် အမှတ် (၈၂) အစုန် (မော်လမြိုင် မှ ရန်ကုန်)မှာ နံနက် ၇ နာရီခွဲတွင် စတင်ထွက်ခွာပြီး ညနေ ၄ နာရီတွင် ဆိုက်ရောက်မည့် ခရီးစဉ်တို့ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ရိုးရိုးတန်း – ၈၀၀၀ ကျပ်/ ၇၀၀၀ ကျပ်နှင့် အထက်တန်း – ၁၃၀၀၀/ ၁၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
AirBag/ AAR (လူစီးအမြန်) ရထားခရီးစဉ်အနေဖြင့်ရပ်တန့်မည့် ကြားဘူတာများမှာ ရန်ကုန် – တိုးကြောင်ကလေး – ပဲခူး – ဝေါ – သိမ်ဇရပ် -မုပ္ပလင် – ကျိုက္ကသာ – ကျိုက်ထို – မရမ်းကုန်း -တောင်စွန်း – နှင်းပုလဲ – သိမ်ဆိပ် – သထုံ – ရင်းငြိမ် -ဇင်းကျိုက် – ပေါင် – မုတ္တမ – မော်လမြိုင်ဘူတာတို့ ဖြစ်ကြသည်။
ရထားလက်မှတ်များကို ORTP Website နှင့် သက်ဆိုင်ရာ ဘူတာကြီးများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
