သတိုး
၂၄. ၆. ၂၀၂၆
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်အချစ်ဇာတ်လမ်းကို ဖော်ထုတ်ခဲ့ပြီးနောက် ပူတင်၏ “ပုဂ္ဂိုလ်ရေးရန်သူ” ဟု တင်စားခံရသည့် သတင်းစာဆရာတစ်ဦးသည် အဆိပ်မှိုစားမိပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် ၆၉ နှစ်အရွယ်ရှိ သတင်းစာဆရာ ဂရီဂိုရီ နေခိုရိုရှက်ဗ် (Grigory Nekhoroshev) သည် လတ်ဗီးယားနိုင်ငံမြို့တော် ရီဂါ (Riga) ၌ နိုင်ငံရေးဒုက္ခသည်အဖြစ် ၁၁ နှစ်ကြာ ပြည်ပထွက်ပြေးတိမ်းရှောင် နေထိုင်ခဲ့ပြီးနောက် ထိုမြို့၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း Delfi သတင်းဌာနက ဖော်ပြခဲ့သည်။

နေခိုရိုရှက်ဗ်သည် ၂၀၀၈ ခုနှစ်အတွင်းက ရုရှားသတင်းစာတစ်စောင်ဖြစ်သည့် Moskovsky Korrespondent တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ အဆိုပါသတင်းစာတွင် သမ္မတပူတင်သည် ထိုစဉ်က ဇနီးဖြစ်သူ လူဒ်မီလာ (Lyudmila) နှင့် ကွာရှင်းကာ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားမယ် အာလီနာ ကာဘေးဗား (Alina Kabaeva) နှင့် လက်ထပ်ရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။
နေခိုရိုရှက်ဗ်သည် ရီဂါမြို့တွင် နေထိုင်ခဲ့သည့် နှစ်များတစ်လျှောက်လုံး၌ ဗလာဒီမာပူတင်၏ စေခိုင်းချက်ဖြင့် လုပ်ကြံသတ်ဖြတ်သူများ လာရောက်တိုက်ခိုက်မည်ကို အမြဲတမ်း စိုးရိမ်သောကရောက်နေခဲ့သူ ဖြစ်သည်။ ၎င်းက ကိုယ့်ကိုယ်ကိုယ် ပူတင်၏ “ပုဂ္ဂိုလ်ရေးရန်သူ” ဟုလည်း ပြောကြားခဲ့ဖူးသည်။

“နေခိုရိုရှက်ဗ်ဟာ ရုရှားခေါင်းဆောင်ရဲ့ လက်ထပ်မထားဘဲ အတူနေဇနီးဖြစ်တဲ့ ကျွမ်းဘားချန်ပီယံ အာလီနာ ကာဘေးဗားရဲ့ အမည်ကို ပထမဆုံး ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ပူတင်ကတော့ ဒါကို ဘယ်လိုမှ ခွင့်မလွှတ်ခဲ့တာ ထင်ရှားပါတယ်” ဟု Delfi သတင်းဌာနက ဆိုသည်။
၎င်း၏မိတ်ဆွေများ၏ ပြောကြားချက်အရ အဆိုပါသတင်းစာဆရာသည် ၎င်း၏အိမ်ခြံဝင်းအတွင်းမှ ခူးဆွတ်ရရှိသည့် မှိုများကို ချက်ပြုတ်စားသောက်ပြီးနောက် ရီဂါမြို့ရှိ နေအိမ်၌ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် မှိုအမျိုးအစားများကို ကောင်းစွာခွဲခြားတတ်သည့် ဝါသနာအိုးတစ်ဦးဖြစ်သော်လည်း ယခုစားမိသည့်မှိုမှာ အဆိပ်မှိုဖြစ်နေခဲ့ကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့် သောကြာနေ့ (ဇွန် ၁၉) က ဖြစ်ပွားခဲ့သည့် ၎င်း၏သေဆုံးမှုနှင့်ပတ်သက်၍ လတ်ဗီးယားအာဏာပိုင်များဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း ရုပ်အလောင်းကိုမူ ခွဲစိတ်စစ်ဆေးမှု (Autopsy) ပြုလုပ်သွားမည်ဖြစ်သည်။
လတ်ဗီးယားတွင် အခြေစိုက်နေထိုင်သည့် အခြားထင်ရှားသော ရုရှားသတင်းထောက်တစ်ဦးဖြစ်သူ ဘိုဇီနာ ရင်စကာ (Bozhena Rynska) ကမူ ၎င်း၏သေဆုံးမှုကို “နားမလည်နိုင်စရာ ဆုံးရှုံးမှု” ဟု ဆိုခဲ့သည်။
၎င်းမသေဆုံးမီလေးတင် တွေ့ဆုံခဲ့သည့် မိတ်ဆွေဖြစ်သူ အီဂေါ ဗာတိုလင် (Igors Vatoļins) ကလည်း နေခိုရိုရှက်ဗ်သည် “အသက်လည်း သိပ်မကြီးသေးသလို၊ ကျန်းမာရေးလည်း ကောင်းမွန်ပြီး စိတ်ကူးစိတ်သန်းတွေ၊ အစီအစဉ်တွေနဲ့ ပြည့်နှက်နေသူတစ်ဦး” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဧပြီလတွင် နေခိုရိုရှက်ဗ်၏ သတင်းဖော်ပြချက် ထွက်ပေါ်လာပြီးနောက်ပိုင်း၊ ကေဂျီဘီ (KGB) သူလျှိုဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဘဏ်လုပ်ငန်းရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသည့် သတင်းစာပိုင်ရှင် အလက်ဇန္ဒား လက်ဘီဒက်ဗ် (Alexander Lebedev) သည် Moskovsky Korrespondent သတင်းစာတိုက်ကို မဖြစ်မနေ ပိတ်ပစ်ခဲ့ရသည်။
ထို့ပြင် လုံခြုံရေးလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့များက နေခိုရိုရှက်ဗ်ကို “ခြိမ်းခြောက်မှုများ” ဖြင့် စစ်ဆေးမေးမြန်းခဲ့သဖြင့် ၎င်းအနေဖြင့် ပြည်ပသို့ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

ထိုစဉ်က ပူတင်က ၎င်းထက် အသက် ၃၀ ခန့် ငယ်ရွယ်သည့် ကာဘေးဗားနှင့် ပတ်သက်သည့် သတင်းအပေါ် တုံ့ပြန်ရာတွင် “နှာရည်တရွှဲရွှဲ၊ ကာမစိတ်ကူးယဉ်ဆန္ဒတသသနဲ့ သူတစ်ပါးဘဝထဲကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ကြည့်နေသူများကို ရှုတ်ချကြောင်း” ပြောကြားခဲ့သည်။
ပူတင်နှင့် ကာဘေးဗားတို့က အဆိုပါသတင်းကို ငြင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ဆက်ရှိနေဆဲဖြစ်သည့် ၎င်းတို့၏ ပတ်သက်မှုကိုမူ ယခုအခါတွင် အမှန်တရားအဖြစ် အားလုံးက သိရှိထားကြပြီဖြစ်သည်။
ပူတင်သည် ယခုအခါ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ကာဘေးဗားနှင့် ပတ်သက်မှုကို လူသိရှင်ကြား ဝန်ခံခြင်းမရှိသေးသော်လည်း ၎င်းတို့တွင် အသက် ၁၁ နှစ်အရွယ် အိုင်ဗန် (Ivan) နှင့် အသက် ၇ နှစ်အရွယ် ဗလာဒီမာ (Vladimir) ဟုခေါ်သည့် သားသမီးနှစ်ဦး ထွန်းကားထားကြောင်း သိရှိရသည်။
Ref : Daily Mail
