



၂၃.၆.၂၀၂၆
Written By Min Thet
ဘန်ကောက်တွင် မြန်မာလင်မယား စကားများရန်ဖြစ်စဥ် အမျိုးသားက အမျိုးသမီးကို ဓားဖြင့် အချက် ၁၀ ချက်ကျော် ထိုးသတ်မှု ဇွန်လ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရ သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ူ၊ ဖပဒဲဒေသ၊ ဘန်ဖိုင်နေရာရှိ အလုပ်သမားတန်းလျားတွင် ဇွန်လ ၂၂ ရက်၊ ည ၁၀ နာရီခန့်ကမြန်မာလင်မယားအချင်းချင်း စကားများ ရန် ဖြစ်ပြီးနောက် အမျိုးသားက အမျိုးသမီးအား အထက်ပါအတိုင်း ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် ၄၀ ခန့်အရွယ် ဘိုဘိုအောင်ဆိုသူဖြစ်ပြီး အသတ်ခံရသည့် ဇနီး ဖြစ်သူမှာလည်း အသက် ၄၀ ခန့်အရွယ် ခင်သန္တာအောင် ဆိုသူဖြစ်ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းခဲ့ရာ ပုဂ္ဂလိက အလုပ်သမား အိပ်ဆောင်၏ ဒုတိယထပ်အခန်းတွင် ခင်သန္တာအောင်၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ဓားဒဏ်ရာ ၁၀ ချက်ကျော် ရရှိခဲ့ကာ သူမ၏ အခန်းအတွင်း သွေးအိုင်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊သေဆုံးနေသည့် အလောင်းအနီးတွင် သွေးစွန်းနေသည့် ဓားတစ်ချောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူက ၎င်းတို့တွင် ကလေးရှိကြောင်း၊ ဇနီးသည်က နေအိမ်မှထွက်သွားပြီး အခြားအမျိုးသားတစ်ဦးနှင့် သွားနေမည်ဟုပြောဆိုသောကြောင့် စကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မိသည်ထိ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကနဦးထွက်ဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံသား ဘိုဘိုအောင်က ထွက်မပြေးဘဲ ထိုင်းရဲတပ်ဖွဲ့ ဝင်များအလာကို အဆောင်အောက်ထပ်တွင် စောင့်ဆိုင်းကာ အဖမ်းခံခဲ့ကြောင်း၊ တာဝန်ရှိသူများက စမ်လွန်းတိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသတ်မှုဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိရသည်။
