







၂၃.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေကို ဇွန် ၂၂ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထုတ်ပြန်ကြေညာခဲ့ပြီး ဘဏ္ဍာရေးနှစ်အလိုက် ဂုဏ်ထူဆောင်ဆု ၁၅ ခု ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းဥပဒေတွင် ဖော်ပြထားမှုအရ သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာဥပဒေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၀ အရ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်မည့် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၏ အမည်များကို သတ်မှတ်ရာတွင် (က) ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊(ခ) ရန်ကုန်တိုင်းဒေသကြီး စီမံခန့်ခွဲရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊(ဂ) ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊(ဃ) ရန်ကုန်တိုင်းဒေသကြီး ပညာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊(င) ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊(စ) ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဆ) ရန်ကုန်တိုင်းဒေသကြီး အားကစားဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဇ) ရန်ကုန် တိုင်းဒေသကြီး အမျိုးဘာသာ၊ သာသနာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဈ) ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊(ည) ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဋ) ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဌ) ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဍ) ရန်ကုန်တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဎ) ရန်ကုန်တိုင်းဒေသကြီး နည်းပညာနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ (ဏ) ရန်ကုန်တိုင်းဒေသကြီး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု စုစုပေါင်း ၁၅ ဆုကို ဘဏ္ဍာရေးနှစ်အလိုက် ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းဥပဒေတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေကို တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများအား အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်နိုင်ရန်၊ တိုင်းဒေသကြီး ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ ဆောင်ရွက်မည့် သူများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ကိုယ်ကျိုးစွန့်၍ သက်စွန့်ကြိုးပမ်းကူညီဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အသင်းနှင့်အဖွဲ့အစည်းများ ပေါ်ထွန်းလာစေရန်အတွက် ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာဥပဒေကြမ်း” ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ဥပဒေကြမ်းကော်မတီက ဇွန် ၉ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည်။
