၁၄.၆.၂၀၂၆
translated by Htwe Ko Tun
ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ လန်ဒန်မြို့ရဲ့ Southall ဆင်ခြေဖုံးမြို့မှာ အိန္ဒိယနွယ်ဖွား အသက် ၂၆ နှစ်အရွယ် ဂါဘက်ဂျ်ဆင်း Gurbhej Singh အမည်ရှိ အမျိုးသားတစ်ဦးဟာ ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ရတယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်က ပြောခဲ့ပါတယ်။
Dormers Wells Lane လမ်းသွယ် နဲ့ North Road လမ်းမကြီးတို့ လမ်းဆုံအနီးမှာ ဓားထိုးမှုဖြစ်တယ်ဆိုတာ ဇွန်လ ၁၀ ရက်၊ နံနက် ၁၂း၄၁ နာရီမှာ လူနာတင်ယာဉ်ဝန်ဆောင်မှုက သူတို့ကို ဖုန်းဆက်ခဲ့တယ်လို့ ရဲတပ်ဖွဲက ပြောခဲ့ပါတယ်။ အဲဒီမှာ ဒဏ်ရာရ အမျိုးသားနှစ်ဦးကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ကုသပေးနေတာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။
သူတို့နှစ်ယောက်ထဲက Gurbhej Singh ကတော့ အခင်းဖြစ်ပွားရာနေရာမှာပဲ ဓါးဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ရဲတွေက ပြောပါတယ်။ နောက်အမျိုးသားတစ်ဦးကတော့ အသက် ၃၀ ကျော်ရှိပြီး ဆေးရုံမှာ ကုသမှုခံယူပြီးနောက် ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။
ရဲတွေက လူသတ်မှုနဲ့ သံသယရှိတဲ့ အမျိုးသားခုနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာမှာ ဖမ်းဆီးခဲ့ပြီး အများစုကတော့ အသက် ၂၀ ကျော်နဲ့ ၃၀ နှောင်းပိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနက် ခြောက်ဦးကို ကနဦးစုံစမ်းစစ်ဆေးမှုအပြီး နောက်ထပ်အရေးယူမှုမရှိဘဲ ပြန်လွှတ်ပေးခဲ့ပြီး ခုနစ်ဦးမြောက်လူကိုတော့ နောက်ပိုင်းရက်တွင် ပြန်လာဖို့ အာမခံပေးခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုအပြီးမှာ မြို့တော်ရဲတပ်ဖွဲ့ရဲ့ အထူးရာဇဝတ်မှုကွပ်ကဲမှုဌာနမှ စုံစမ်းစစ်ဆေးရေးမှူးချုပ် အလီဆန် ဖော့စ်ဝဲလ် Alison Foxwell က အခင်းဖြစ်ပွားရာနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံပြောဆိုမှုမပြုရသေးသူတွေအနေနဲ လာရောက်ပြောကြားဖို့ တိုက်တွန်းခဲ့ပါတယ်။
“အခင်းဖြစ်ပွားရာနေရာကို CCTV ဖြင့် မှတ်တမ်းတင်ထားသူများ ဒါမှမဟုတ် ထိုအချိန်က ထိုနေရာမှာ ရှိနေခဲ့ပြီး ရဲနဲ့ တွေ့ဆုံမှု မပြုရသေးသူတွေအနေနဲ့ ရဲထံလာရောက် ပြောဆိုဖို့ တိုက်တွန်းလိုပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
ဖော့စ်ဝဲလ်က “လူသတ်မှုစုံထောက်တွေက မစ္စတာဆင်းရဲ့ ဝမ်းနည်းဖွယ်သေဆုံးမှုကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆင်းဟာ ဇွန်လ ၁၀ ရက် နံနက် ၁၂:၃၀ နာရီခန့်တွင် North Road နဲ့ Dormers Well Lane လမ်းဆုံရှိ ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာတိုက်ခိုက်ခံရတယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
Ref——-Hindustan Times
