သတိုး
၁၅. ၆. ၂၀၂၆
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ရာ ယနေ့နံနက်တွင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံ မြို့တော်ပေကျင်းသို့ စတင်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင်လိုက်ပါသွားကြသည်။
တရုတ်သမ္မတ ဖိတ်ကြားချက်အရ သွားရောက်သည့် ယခု ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်အပြင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့်ပါ တွေ့ဆုံသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စီးပွားရေးညီလာခံသို့ တက်ရောက်ရန်ရှိသည့်အပြင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအပြင် နည်းပညာအကူအညီပေးရေး ကိစ္စရပ်များကို အလေးထား ဆွေးနွေးသွားရန် ရှိနေသည်။
ထို့အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ လက်ရှိတွင်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားသည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး (၂၀၂၅-၂၀၂၆) ခုနှစ်တွင် ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၁၂၉ သန်း ရှိသည်။
ယင်းအပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ် မူတည်နေသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း အလေးအနက်ထား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။




