၁၅.၆.၂၀၂၆
translated by Htwe Ko Tun
အမေရိကန်နှင့် အီရန်တို့အကြား အီရန်စစ်ပွဲနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ရရှိရေးမှာ ဇွန်လ ၁၃ ရက် စနေနေ့အထိ မရေမရာဖြစ်နေသေးသော်လည်း နှစ်ဘက်စလုံးက အဆိုပါစာချွန်လွှာကို ဇွန်လ ၁၉ ရက် သောကြာနေ့တွင် လက်မှတ်ရေးထိုးပြီး အသက်ဝင်မည်ဟု ဇွန်လ ၁၄ ရက်က ပြောကြားခဲ့ကြသည်။
အမေရိကန်နှင့် အီရန် နှစ်ဘက်စလုံးကပင်က ဇွန်လ ၁၉ ရက်တွင် စတင်အသက်ဝင်မည့် သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း ပြောကြားခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အမေရိကန်သည် အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ပိတ်ဆို့မှုပြုလုပ်ထားခြင်းကို ရုပ်သိမ်းနေပြီး မူဘောင်လက်မှတ်ရေးထိုးပြီးသည်နှင့် ဟောမုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် သဘောတူညီချက်၏ အပြည့်အစုံကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိကြသေးပေ။
သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံတွင် ဇွန်လ ၁၉ ရက်၌ ကျင်းပရန် စီစဉ်ထားသည်။ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အခမ်းအနားသို့တက်ရောက်မည်ဖြစ်ပြီး သမ္မတထရမ့်ပ်လည်း တက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။ နားလည်မှုစာချွန်လွှာသည် စစ်ပွဲအဆုံးသတ်ရေးအတွက် နောက်ထပ် ၆၀ ရက်ကြာ ညှိနှိုင်းမှုကို စတင်ရေး သဘောတူရန် မျှော်လင့်ရသည်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း သဘောတူညီချက်ရရှိကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား၌ ပြောကြားခဲ့သည်။
သဘောတူညီချက်ရရှိမည်ဟု သတင်းထွက်ပေါ်ပြီးနောက် Brent ရေနံစိမ်းနှင့် အမေရိကန် ရေနံစိမ်း ဈေးနှုန်းများသည် ဇွန်လ ၁၄ ရက်တွင် ကျဆင်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုအတွက် အရေးပါသော ရေလမ်းကြောင်းတစ်ခုဖြစ်သည့် ဟောမုဇ်ရေလက်ကြားမှာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ပွဲစတင်ကတည်းက ထိရောက်စွာပိတ်ထားခံရခြင်းဖြစ်သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ကလည်း သဘောတူညီချက်အရ အမေရိကန်နှင့်အီရန်တို့အကြား တိုက်ခိုက်မှုများက လက်ဘနွန်နိုင်ငံ အပါအဝင် ရှေ့တန်းစစ်မျက်နှာအားလုံး၌ ရပ်တန့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
Ref; CNN, BBC
