နေမိုး
၁၃. ၆. ၂၀၂၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခု၌ PDF ထောက်ပို့ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပလတ်စတစ်ပုံးအတွင်း ထည့်သွင်းဖျောက်ဖျက်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ ဟင်္သာတမြို့တွင် ဖမ်းမိသည်ဟုလည်း ပြည်တွင်းမီဒီယာများရေးသားသည့်အသက် ၃၆ နှစ်အရွယ်ရှိ အောင်ပြည့် (ခ) အောင်ဖေ အမည်ရသည့် အဆိုပါအမျိုးသားသည် ပက်ချ်ပူရီလမ်း (Phetchaburi Road) အနီးရှိ ပပ်ဘ် (Pub) တစ်ခုတွင် ထမင်းချက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး “ပျူစောထီးတို့ရဲ သေမင်းတမန်”အကောင့်သုံးစွဲကာ PDF ထောက်ပို့လုပ်နေသူပင်ဖြစ်သည်။ တရားခံသည် ထိုင်းနှင့် မြန်မာအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယနေ့ စနေနေ့ (ဇွန် ၁၃ ရက်) တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ထိုင်းနိုင်ငံ မြို့တော်ရဲတပ်ဖွဲ့ တိုင်း (၁) ဒုတိယရဲမှူးကြီး စက္ကယား ဆဲန်းဝမ် (Sakkaya Saengwan) သည် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ တရားခံကို လွှဲပြောင်းလက်ခံယူပြီး ဥပဒေအရ အရေးယူနိုင်ရန် ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်သည်။

ယခုဖမ်းဆီးမှုသည် ဘန်ကောက်မြို့ ကလောင်တွဲ (Klong Toey) ဒေသရှိ ဘား (Bar) တစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ် (ခ) မအေးမေးနွဲ့ (ခ) မဂျီ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်း၏ ပိုင်းဖြတ်ခံထားရသော ရုပ်အလောင်း အစိတ်အပိုင်းများကို ရတ်ချသီဝီ (Ratchathewi) ခရိုင်၊ ရတ်ချပရာရော့ပ် လမ်းသွယ် ၁၄ (Ratchaprarop Soi 14) ရှိ ငှားရမ်းထားသော အခန်း၏ နောက်ဘက်လသာဆောင်တွင် ပလတ်စတစ်သေတ္တာတစ်လုံးအတွင်း အပိုင်းပိုင်းဖြတ်ကာ ထည့်လျက်သားဖြင့် သောကြာနေ့ သန်းခေါင်ကျော်အချိန်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က သေဆုံးသူ၏ ခင်ပွန်းဖြစ်သူကို ပင်မသံသယရှိသူအဖြစ် သတ်မှတ်ခဲ့သည်။ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများအရ ၎င်းသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားပြီးနောက် ဘန်ကောက်မှတစ်ဆင့် မဲဆောက်သို့ သွားရောက်ကာ နယ်စပ်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် ဗန်ကားတစ်စင်းကို ငှားရမ်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဏာပိုင်များ၏ သုံးသပ်ချက်အရ ယခုလူသတ်မှုသည် ခင်ပွန်းဖြစ်သူက ၎င်း၏ဇနီးတွင် နောက်ချစ်သူအသစ် ရှိနေသည်ဟု စွပ်စွဲရာမှ အကျိုးအကြောင်းပြုကာ သဝန်တိုမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
ဒင်ဒန်း (Din Daeng) ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် ရာဇဝတ်တရားရုံးထံမှ ဖမ်းဝရမ်း ထုတ်ပြန်ရယူခဲ့ပြီး အောင်ပြည့်အား ကြိုတင်ကြံစည်လူသတ်မှု၊ သေဆုံးရသည့်အကြောင်းရင်းကို ဖုံးကွယ်ရန်အတွက် ရုပ်အလောင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျောက်ဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း စသည့် ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်။
အဆိုပါ ရုပ်အလောင်းကို မတွေ့ရှိမီ သောကြာနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က ရတ်ချပရာရော့ပ် လမ်းသွယ် ၁၄ ရှိ အဆိုပါတိုက်ခန်းမှ သံသယဖြစ်ဖွယ် အရာဝတ္ထုနှင့် အနံ့အသက်ဆိုးများ ထွက်ပေါ်နေကြောင်း ဒင်ဒန်းရဲစခန်းသို့ အကြောင်းကြားချက် ရောက်ရှိခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့နှင့်အတူ ရုအမ်ကတင်ညူဖောင်ဒေးရှင်း (Ruamkatanyu Foundation) မှ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ကြသည်။
အခန်းအတွင်း စစ်ဆေးရာတွင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းနှင့် ခြေလက်များ ပိုင်းဖြတ်ထားသော ရုပ်အလောင်း အစိတ်အပိုင်းများ ထည့်ထားသည့် ပလတ်စတစ်သေတ္တာကြီးတစ်လုံးကို တွေ့ရှိခဲ့ရသည်။ ကနဦး စစ်ဆေးချက်များအရ သေဆုံးသူ၏ ဦးခေါင်းနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် တရားခံက ၎င်းအစိတ်အပိုင်းများကို အခြားနေရာတစ်ခုတွင် စွန့်ပစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။ လက်ရှိတွင် မှုခင်းဆရာဝန်များနှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာမှ လက်ဗွေရာများ၊ ဒီအန်အေ (DNA) နမူနာများနှင့် အခြားသက်သေအထောက်အထားများကို စုဆောင်းရယူထားကြောင်း သိရသည်။
သတင်း- ဘန်ကောက်ပို့စ်


