

၁၃.၆.၂၀၂၆
Written by KL
အမျိုးသားကြီးတစ်ဦး တောဆင်ရိုင်းနင်းခံရ၍ သေဆုံးမှု ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာ အုပ်စု၊ အောင်ချမ်းသာကျေးရွာထိပ်ရှိ ခြံတစ်ခြံတွင် ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ယူခဲ့သည့် အလင်းစက် လူမူကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
သေဆုံးသူမှာ ပုဂ္ဂလိကစိုက်ခင်းတွင် ခြံစောင့်လုပ်ကိုင်သည့် အသက် ၆၃ နှစ်အရွယ် ဦးမြစိန်ဖြစ်ပြီး ၎င်း၏ခြံစိုက်ခင်းသို့ တောဆင်းရိုင်းဝင်ရောက်လာပြီး ဦးမြစိန်ကို နင်းချေမှုကြောင့် နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားကြီး၏ ရုပ်အလောင်းကို အလင်းစက် လူမူကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက ဥက္ကံပြည်သူ့ဆေးရုံရှိ(ရင်ခွဲရုံ)သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားကြီးမှာ ၎င်းနေထိုင်ရာခြံဝင်းအတွင်း စိုက်ပျိုးထားသော အပင်များကို တောဆင်းရိုင်းဝင်ရောက်ဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် လိုက်လံ၍ ခြောက်လန့်မောင်းထုတ်ရာမှ တောဆင်ရိုင်းအနင်းခံရသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ကြီးမြို့ရှိ သစ်တောကြိုးဝိုင်းများတွင် တောဆင်ရိုင်းများ ကျက်စားနေထိုင်လျက်ရှိပြီး ကျေးရွာများသို့ မကြာခဏ တောဆင်းရိုင်းဝင်ရောက်၍ ဒေသခံများကို ရန်ပြုတိုက်ခိုက်ခြင်း၊ စိုက်ခင်းများ စားသောက်ဖျက်ဆီးခြင်း၊ နေအိမ်များဖျက်ဆီးခြင်းများကို ကြုံတွေ့ရပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားသည်။
တောဆင်ရိုင်းများဝင်ရောက်လာပါက ဒေသခံများအနေနှင့် ခြောက်လှန့်မောင်းထုတ်ခြင်း၊ သစ်ပင်အမြင့်များတွင် လင့်စင်ထိုး၍ နေထိုင်ရကြောင်း သိရသည်။
