သက်တံ့
၁၄. ၆. ၂၀၂၆
ဒလမြို့အတွက်လိုအပ်နေသော ရေဂါလံ ၃ ဒသမ ၄ သန်းကို မကြာမီပေးဝေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၏ ဒလမြို့နယ်ရှိ ပြည်သူများ သောက်သုံးရေရရှိမှုအခက်အခဲနှင့်ပတ်သက်သည့် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းမှုအပေါ် စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်၏ ဖြေကြားချက်အရ သိရသည်။
ဒလမြို့တွင်နေထိုင်ကြသောပြည်သူများမှာ နှစ်ပေါင်းများစွာ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့ခဲ့ကြရသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြိုပေါ်ရပ်ကွက်ရှိလူနေအိမ်များ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရေပေးဝေနိုင်ကြောင်းစုံစမ်းသိရှိရသဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မြို့ပေါ်နေ နေအိမ်အားလုံး သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန်အစီအစဥ်ရှိ/မရှိ အစီအစဥ်ရှိပါက မည်သည့်အချိန် မည်သည့်အခါတွင် မည်ကဲသို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် အစီအစဥ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကိုဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဦးသန်းဦးက မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မှပြန်လည်ဖြေကြားရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိတွင် ဒလမြို့နယ်ရပ်ကွက် ၂၄ ခုသို့ ဒလမြို့မှ ၉ မိုင်အကွာရှိ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းရှိ အဝီစီတွင်း ၂၄ တွင်းမှ ရေကို (Nano) စနစ်ဖြင့် သန့်စင်ပြီး ရေဂါလန် ၁ ဒသမ ၅ သန်းအားလည်းကောင်း၊ လမ်းမတော်မြို့နယ်၊ သခင်မြပန်းခြံအတွင်းရှိ ရေစုကန်မှ ရေဂါလန် ၀ ဒသမ ၁ သန်းကို မြန်မာ- ကိုရီး ယားချစ်ကြည်ရေး (ဒလ) တံတားပေါ်ရှိ ရေပိုက်လိုင်းကတစ်ဆင့် လည်းကောင်း စုစုပေါင်းရေဂါလန် ၁ ဒသမ ၆ သန်းအား နေ့စဉ်ပေးဝေလျက်ရှိသည်။ ဒလမြို့ပေါ်ရပ်ကွက် ၂၄ ခုတွင် လူဦးရေ ၁၂၆,၄၆၉ ယောက်အတွက် တစ်ရက်ရေလိုအပ်ချက်မှာ ရေဂါလန် ၅ သန်း ဖြစ်ပြီး နေ့စဉ်ရေဂါလန် ၁ ဒသမ ၆ သန်းပေးဝေနေရာ ရေဂါလန် ၃ ဒသမ ၄ သန်း ထပ်မံလိုအပ်လျက်ရှိသည်။ သို့ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဒလမြို့နယ်အတွင်းသို့ ရေထပ်မံပေးပို့နိုင်ရေးအတွက် မြန်မာ – ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားပေါ်ရှိ ရေပိုက်လိုင်းမှတစ်ဆင့် ရေပေးဝေနိုင်ရေးအတွက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ဒလမြို့နယ်အတွင်းသို့ ကုက္ကိုဝရေပေးဝေရေးစီမံကိန်းပြီးစီးချိန်တွင် ဒလမြို့နယ်အတွင်းသို့ ရေလုံလောက် ယစွာပေးဝေနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့သည်။
