၁၄.၆.၂၀၂၆.
by Htwe Ko Tun
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲ ကို နေပြည်တော်တွင် ဇွန်လ ၁၃ ရက်ကကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မဟော်ဂနီပင် ဦးဆောင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်ကျောင်းများမှ အရာထမ်းအမှုထမ်း၊ ကျောင်းသူကျောင်းသားများပါတက်ရောက်ကာ သစ်မျိုး ၁၆ မျိုး အပင်ပေါင်း ၃,၀၀၀ ကို စိုက်မျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ကုလသမဂ္ဂ စားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း၊ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာကို ၅၀ ရာခိုင်နှုန်းအထိ ရှိစေရန် ရည်မှန်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံတစ်ဝန်း သစ်ပင်မျိုးစုံ ၂၆၉ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကာ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲတက်ရောက်လာသူများ၏ တပျော်တပါး သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
Ref—–MNA





