သက်တံ့
၁၃. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံ (Assam) ပြည်နယ်၊ ဂျော်ဟတ်မြို့ရှိ ရိုရီရာ (Rowriah) လေတပ်စခန်းတွင် ယနေ့ ဇွန် ၁၃ ရက် (စနေနေ့) နံနက်ပိုင်းက အိန္ဒိယလေတပ် (IAF) ပိုင် AN-32 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လေတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း လေတပ်တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
ဆိုဗီယက်ဒီဇိုင်း အင်ဂျင်နှစ်လုံးတပ် အဆိုပါကုန်တင်လေယာဉ်သည် ရိုရီရာလေဆိပ်ရှိ လေတပ်စခန်းသို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကြောင့် လေယာဉ်ပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင် သက်သေများက ဆိုသည်။

အိန္ဒိယလေတပ် (IAF) ၏ ထုတ်ပြန်ချက်အရ အဆိုပါလေယာဉ်ပေါ်တွင် လူ ၆ ဦး လိုက်ပါလာပြီး ၅ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ ၅ ဦးမှာ Squadron Leader Prashant Singh၊ Flight Lieutenant Shubham Kumar၊ Sergeant Jitendra Sharma နှင့် လေတပ်သားသစ် စစ်သည်နှစ်ဦးဖြစ်သည့် Khemaram Kumawat နှင့် Danish Alam တို့ ဖြစ်ကြသည်။ လေယာဉ်လက်ထောက်မောင်းသူ (Co-pilot) မှာမူ အသက်ရှင်ကျန်ရစ်ခဲ့ပြီး လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေရသည်။”
မတော်တဆမှု ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းပိတ်ဆို့ကာ မီးငြှိမ်းသတ်ခြင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
အိန္ဒိယလေတပ်သည် ယခုလေယာဉ်ပျက်ကျရသည့် အကြောင်းရင်းမှန်ကို စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းရေးခုံရုံး (Court of Inquiry) တစ်ရပ်ကို ချက်ချင်းဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားပြီး သေဆုံးသွားသော ရဲဘော်များ၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြထားသည်။
အိန္ဒိယလေတပ်တွင် သက်တမ်းရင့် AN-32 လေယာဉ်အစင်းရေ ၁၀၀ နီးပါးကို အဓိကအားဖြင့် တောင်တန်းထူထပ်ပြီး သွားလာရခက်ခဲသော နယ်စပ်ဒေသများသို့ စစ်ဘက်ရိက္ခာနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် အဓိကအသုံးပြုနေရခြင်း ဖြစ်သည်။ အာသံပြည်နယ်အတွင်း၌ပင် လွန်ခဲ့သည့် မတ်လပိုင်းကလည်း ဆူခွိုင်း (Sukhoi Su-30MKI) တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် လေသူရဲနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
Ref: Xinhua & TOI
