၁၃.၆.၂၀၂၆
Written by Linn Eain
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် ဓာတ်ရောင်ခြည်ကုသစက် ၄ လုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ကုသစက် ၃ လုံးဖြင့် တစ်ရက်လျှင် လူနာ ၅၀၀ ကျော်ကို ကုသပေးနေကြောင်း သိရသည်။
ကင်ဆာရောဂါဓာတ်ရောင်ခြည် ဆေးကုဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ မိုးလှိုင်က “ဓာတ်ရောင်ခြည်နဲ့ ပတ်သက်ပြီး အပြင်လူနာရော အတွင်းလူနာပါ ကုသပေးနေပါတယ်။ ဒီအမျိုးသားကင်ဆာကုသရေးဗဟိုဌာနမှာ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ တပ်ဆင်ထားတဲ့ စက်သုံးလုံး၊ ပြင်ပအလှူရှင်များက လှူထားတဲ့ စက်တစ်လုံး စုစုပေါင်း လေးလုံး ရှိပါတယ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဓာတ်ရောင်ခြည်စက် သုံးလုံး ရှိပါတယ်။ စုစုပေါင်း ဓာတ်ရောင်ခြည်စက် ခုနစ်လုံးနဲ့ တစ်ရက်ကို လူနာ ၅ဝဝ ကနေ ၆ဝဝ ကြား ကုသပေးနေပါတယ်” ဟု ဇွန် ၁၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြောကြားထားသည်။
အမျိုးသားကင်ဆာကုသရေးဗဟိုဌာနသည် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကုလားဝဲတံတား (သန်လျင်အမှတ် ၂ တံတား)အနီးတွင် တည်ရှိပြီး ကင်ဆာရောဂါသီးသန့်ကုသပေးရာဌာနကြီးဖြစ်သလို ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင် ပြည့်စုံသည့် ကုသမှုစင်တာ (One stop Comprehensive Care Center)အဖြစ် ဆေးကုသမှုများပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် ဓာတ်ရောင်ခြည်ကုသမည့် လူနာများအတွက် ဓာတ်ရောင်ခြည်ကုသစက်များ စက်ခန်းများကို ကြိုတင်ဦးစားပေး ဆောက်လုပ်ခဲ့ပြီး ဆေးကုသမှုဗဟိုဌာနကြီး မပြီးစီးမီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာတွင် ဓာတ်ရောင်ခြည်ကုသစက်ဖြင့် စတင်ကုသခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် နောက်ထပ်ဓာတ်ရောင်ခြည်ကုသစက်တစ်လုံး၊ မေတွင် တစ်လုံး၊ ၂၀၂၆ ခုနှစ်တွင် တစ်လုံး စုစုပေါင်း လေးလုံးဖြင့် ကုသပေးလျက်ရှိကြောင်း သိရသည်။
စတင်ဖွင့်လှစ်ချိန်မှ ယခုကာလအထိ လူနာပေါင်း ၂၁၉၁ ဦးကို ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသပေးမှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော် ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
အမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် အထူးသဖြင့် ကင်ဆာဆဲလ်များကို ပစ်မှတ်ထားချေမှုန်းနိုင်သည့် ခေတ်မီဓာတ်ရောင်ခြည်ကုစက်ကြီးများဖြင့်ကုသပေးခြင်း၊ လူနာများသက်သောင့်သက်သာဖြင့် စနစ်တကျဆေးဝါးကုသမှု ခံယူနိုင်မည့် ဓာတုကုထုံး (Chemothe-rapy) ဆေးသွင်းခြင်းလုပ်ငန်းများကို အဓိကထား လုပ်ဆောင်ပေးနေပြီဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်အတွင်းရှိ ကင်ဆာဝေဒနာ ကုသပေးနေသည့် ဆေးရုံကြီးများ၌ လက်ရှိဓာတ်ရောင်ခြည်ကုသစက် စုစုပေါင်း ၂၆ လုံး၊ Brachytherapy ဓာတ်အပ်စိုက် ကိရိယာကိုးလုံး၊ ဓာတ်ရောင်ခြည်ကုသမှု စင်တာ ၁၄ ခုအထိ တိုးတက်လာခဲ့ပြီး ကင်ဆာဝေဒနာရှင်များအား ထိရောက်စွာ ကုသမှုပေးနေကြောင်း သိရသည်။
