၁၃.၆.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂျော်ဟတ်မြို့ လေယာဉ်ကွင်းသို့ အိန္ဒိယလေတပ်မှ AN-32 သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ဇွန်လ ၁၃ ရက်က ဆင်းသက်ရန်ကြိုးစားနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယလေတပ်က ပြောကြားခဲ့သည်။
အိန္ဒိယလေတပ် (IAF) ၏ အဆိုပါ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် အာသံပြည်နယ်၊ ဂျော်ဟတ်ရှိ ရိုရီယာလေတပ်စခန်းသို့ ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူး သေဆုံးဖွယ်ရှိကြောင်း လေတပ်က ပြောခဲ့သည်။
ပျက်ကျခဲ့သော လေယာဉ်သည် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရန်အသုံးပြုသည့် AN-32 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး လေတပ်စခန်းသို့ ဆင်းသက်ရန်ကြိုးစားစဉ်မှာ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လေယာဉ်မှူးမှာ လေယာဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးနိုင်သည်ဟု စိုးရိမ်မှုရှိနေရကြောင်း၊ ကယ်ဆယ်ရေးနှင့်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကာ နောက်ထပ်အသေးစိတ်အချက်အလက်များကို စောင့်မျှော်နေကြောင်း IAF က ထပ်လောင်းပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် မတော်တဆမှုဖြစ်ပွားပြီး မကြာမီ လေယာဉ်ပျက်ကျရာနေရာသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။ လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို မဆုံးဖြတ်ရသေးဘဲ လေတပ်အာဏာပိုင်များက မတော်တဆမှုဖြစ်ပွားရသည့်အခြေအနေများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ထို့အပြင် လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးရေးတရားရုံးတစ်ခုကို ဖွဲ့စည်းနေကြောင်း IAF က ပြောကြားခဲ့သည်။
လေယာဉ်ပေါ်ရှိအခြားလေယာဉ်အမှုထမ်းများနှင့်ပတ်သက်သည့် အချက်အလက်များကို ချက်ချင်းရရှိနိုင်ခြင်းမရှိကြောင်း သိရသည်။
Ref- Hindustan Times
