နေမိုး
၁၃. ၆. ၂၀၂၆
ဘန်ကောက်မြို့၊ ရတ်ချသီဝီ (Ratchathewi) ခရိုင်ရှိ တိုက်ခန်းတစ်ခုအတွင်း ဇနီးဖြစ်သူကို သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခုတ်ထစ်ပြီး ပလတ်စတစ်ပုံးထဲ ထည့်သွင်းဖျောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားအောင်ပြည့် (ခ) အောင်ဖေကို ဖမ်းဆီးရန် ဘန်ကောက်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီးနောက် တရားခံကို ယနေ့တွင် မြန်မာနိုင်ငံဘက်ခြမ်း၌ ဖမ်းမိလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက သတင်းဖော်ပြသည်။

သေဆုံးသူမှာ ဟိန်းဇော်ညိုဆိုသည့် PDF ထောက်ပို့နှင့် တွဲဖက်ဖြစ်သော အသက် ၃၄ နှစ်အရွယ် PDF ထောက်ပို့ မအေးအေးနွဲ့(ခ ) မဂျီဆိုသူဖြစ်ကာ ခလွန်တွဲ (Khlong Toei) နယ်မြေရှိ ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။ ၎င်းနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ဆွေမျိုးများက လူပျောက်တိုင်ချက် ဖွင့်ခဲ့ကြခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ သေဆုံးသူကို ဇွန်လ ၅ ရက်နေ့က နောက်ဆုံးအကြိမ် အသက်ရှင်လျက် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဖက်ချာဘူရီ (Phetchaburi) လမ်းရှိ ပတ်ဘ် (Pub) တစ်ခုတွင် ထမင်းချက်အဖြစ် လုပ်ကိုင်နေသည့် ၎င်း၏ခင်ပွန်းဖြစ်သူအောင်ပြည့်က အလုပ်မှ လာရောက်ကြိုဆိုသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါစုံတွဲသည် အမျိုးသမီး ပျောက်ဆုံးမသွားမီ စကားများ ရန်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ ဆွေမျိုးများက ဇွန်လ ၉ ရက်နေ့တွင် ဒင်ဒန်း (Din Daeng) ရဲစခန်း၌ လူပျောက်တိုင်ချက် ဖွင့်လှစ်ခဲ့ရာမှတစ်ဆင့် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ တိုက်ခန်းအတွင်း ရှာဖွေရာမှ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရုပ်အလောင်းမှာ ဦးခေါင်းဖြတ်ထားပြီး ရင်ခွဲထားသလို လက်နှစ်ဖက်ကိုလည်း ပခုံးဆစ်မှဖြတ်တောက်ကာ ခြေနှစ်ဖက်ကိုလည်း ဒူးဆစ်မှဖြတ်ထားသည့်အပြင် ပေါင်နှစ်ဖက်မှာလည်း ပြတ်လုနီးပါးဖြစ်နေသည်။ နောက်ကျောတွင် ထိုးထားသည့် “သူပုန်” စာလုံးပါတက်တူးကြောင့် သေသူမှာ မအေးအေးနွဲ့ဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက် ထွက်ပြေးသည့် တရားခံကို လိုက်လံရှာဖွေခဲ့သည်။
CCTV မှတ်တမ်းများအရ သံသယရှိသူသည် ဇွန်လ ၁၀ ရက်နေ့တွင် ခရီးဆောင်အိတ်အကြီးတစ်လုံးကို ဆွဲ၍ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့က သံသယရှိသူမှာ အောင်ပြည့် အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ သေဆုံးရသည့်အကြောင်းရင်းကို ဖုံးကွယ်ရန် ရုပ်အလောင်းအား ဖျောက်ဖျက် သို့မဟုတ် ရွှေ့ပြောင်းမှု၊ နှင့် ရုပ်အလောင်းကို ဖျက်ဆီးမှု စသည့် ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ယူခဲ့သည်။
လက်ရှိတွင် မြို့တော်ရဲတပ်ဖွဲ့ တိုင်း ၁ (Metropolitan Police Division 1) နှင့် ဒင်ဒန်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများသည် သံသယရှိသူကို ရှာဖွေဖမ်းဆီးနိုင်ရန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယခုအမှုသည် ကျူးလွန်ပုံ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သေဆုံးသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေသည်ဟူသော သတင်းများကြောင့် လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားမှု မြင့်တက်နေသည်။
ကျူးလွန်သူအောင်ပြည့်သည် မြန်မာနိုင်ငံဘက်ခြမ်းသို့ အောက်လမ်းမှထွက်ပြေးသွားပြီးနောက် ဟင်္သာတမြို့မရဲစခန်းတွင် ဖမ်းမိထားသည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။
“မဂျီကိုသတ်တဲ့ တစ်ယောက်ကတော့ မြန်မာဘက်မှာ အဖမ်းခံလိုက်ပြီလို့ သတင်းကြားတယ်။ သတင်းထုတ်ပြန်တာကိုတော့ စောင့်ကြည့်ရမှာပေါ့။ မိတ်ဆွေတစ်ယောက်အနေနဲ့ သူ့အတွက် တရားမျှတမှုရအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပေးသွားမှာပါ” ဟိန်းဇော်ညိုက တယ်လီဂရန်တွင် ရေးသားထားသည်။

မအေးအေးနွဲ့ (ခ) မဂျီမှာ လူသိများသည့် ဟိန်းဇော်ညိုနှင့် တွဲဖက်ဖြစ်ခြင်း၊ PDF ထောက်ပို့ဖြစ်ခြင်း၊ ပျူစောထီးတို့ရဲ့ သေမင်းတမန် Facebook အကောင့်သုံးသည်ဆိုသည့် ခင်ပွန်းဖြစ်သူအောင်ပြည့်၏ ရက်စက်စွာသတ်ဖြတ်ခံရခြင်း၊ သီတဂူဆရာတော်ကြီးအား မပျံလွန်သေးဘူးလားဟု ပို့စ်တင်ခဲ့ခြင်း စသည့် လုပ်ရက်များကြောင့် လူမှုကွန်ရက်တွင် စိတ်ဝင်စားမှုလည်း များပြားနေသည့် မှုခင်းဖြစ်စဥ်ဖြစ်သည်။



