
၁၂.၆.၂၀၂၆.
Translated by Htwe Ko Tun
နယ်စပ်တင်းမာမှုများ မြင့်တက်လာစေရန်နှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ စစ်အုပ်ချုပ်ရေး ကြေညာချက်အတွက် အကြောင်းရင်းတစ်ခု ဖန်တီးရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ အတွင်းသို့ မောင်းသူမဲ့လေယာဉ် ဒရုန်းများ စိမ့်ဝင်ထိုးဖောက်ရန် အမိန့်ပေးခဲ့သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၊ မြို့တော်ဆိုးလ်မှ တရားရုံးတစ်ခုက သောကြာနေ့တွင် သမ္မတဟောင်း ယွန်ဆပ်ယိုလ်အား အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ဇွန်လ ၁၂ ရက်တွင် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဖမ်းဆီးခံထားရသော သမ္မတဟောင်းအား ရန်သူကို အကျိုးပြုမှုနှင့် အာဏာအလွဲသုံးစားပြုမှု စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
ယွန်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် မြောက်ကိုရီးယားအစိုးရကို လှုံ့ဆော်ရန်နှင့် ထိုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာချက်အတွက် နယ်စပ်တင်းမာမှုများ မြင့်တက်လာမည်ဟု မျှော်လင့်ရခြင်းသို့ အကြောင်းပြချက်အဖြစ် အသုံးပြုရန်အတွက် မောင်းသူမဲ့ လေယာဉ် ဒရုန်းများ စိမ့်ဝင်ထိုးဖောက်ရန်စစ်ဆင်ရေးကို အမိန့်ပေးခဲ့ကြောင်း တရားရုံးက အသိအမှတ်ပြုခဲ့သည်။
ယွန်၏ ရှေ့နေအဖွဲ့က စီရင်ချက်ချပြီး နာရီပိုင်းအကြာတွင် ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။
တရားရုံးသည် စစ်ဆင်ရေးများတွင် ၎င်း၏အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယုံဟွန်ကိုလည်း ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခဲ့သည်။
ထို့ပြင် တရားရုံးက ကာကွယ်ရေးဝန်ကြီးဌာန၊တန်ပြန်ထောက်လှမ်းရေးကွပ်ကဲမှုဌာန၏ အကြီးအကဲ ဟောင်း ယိုအင်ဟွန်အား စစ်ဆင်ရေးတွင် ပါဝင်ပတ်သက်မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပြီး ဒရုန်းစစ်ဆင်ရေးကွပ်ကဲမှုဌာန၏ အကြီးအကဲဟောင်း ကင်ယုံဒေး အား ငါးနှစ်ဆိုင်းငံ့ထောင်ဒဏ် အတွက် ပြစ်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။
“စစ်အုပ်ချုပ်ရေးအတွက် အခြေအနေများ ဖန်တီးရန်အတွက် တရားခံများသည် မြောက်ကိုရီးယားကို လှုံ့ဆော်ရန်နှင့် ရန်လိုသော အပြုအမူများ ဖြစ်ပေါ်စေရန်အတွက် စိတ်ပိုင်းဆိုင်ရာစစ်ပွဲ၏ စစ်ရေး နည်းဗျူဟာကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပြီး ဒေသတွင်းပဋိပက္ခကဲ့သို့သော လက်နက်ကိုင်ရန်လိုသော အပြုအမူများကို လှုံ့ဆော်ရန် သို့မဟုတ် စစ်ရေးတင်းမာမှု မြင့်တက်လာခြင်းကြောင့် အမျိုးသား လုံခြုံရေးအကျပ်အတည်း အခြေအနေကို ဖန်တီးရန် အသုံးပြုခဲ့ကြသည်” ဟု တရားရုံးက ပြောကြားခဲ့သည်။
၎င်းက သမ္မတနှင့် ကာကွယ်ရေးဝန်ကြီးသည် တရားဝင်ရည်ရွယ်ချက်များအတွက်သာ စစ်ရေးအင်အားကို အသုံးပြုမည်ဟူသော ပြည်သူများ၏ မျှော်လင့်ချက်ကို သစ္စာဖောက်ခြင်းနှင့် ညီမျှကြောင်း ပြောကြားခဲ့ပြီး စစ်ဆင်ရေး၏နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ လှုံ့ဆော်မှုတစ်ခုဘာ ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယွန် ၏ ရှေ့နေအဖွဲ့က ၂၀၂၄ ခုနှစ်တွင် မြောက်ကိုရီးယားက အမှိုက်သရိုက်များသယ်ဆောင်လာသော မိုးပျံဘောလုံးများ တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် ဒရုန်းများ ဖြန့်ကျက်မှုက တရားဝင် စစ်ရေးလှုပ်ရှားမှုတစ်ခုသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့ကြသည်။
တရားရုံးကမူ ထိုစစ်ဆင်ရေးက တောင်ကိုရီးယား၏ စစ်ရေးပိုင်ဆိုင်မှုများကို မြောက်ကိုရီးယားသိရန် ဖော်ထုတ်ခြင်းအားဖြင့် တောင်ကိုရီးယား၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေပြီး ရလဒ်အနေဖြင့် မြောက်ကိုရီးယား၏ စစ်ရေးအသင့်ဖြစ်မှုကို အားကောင်းစေကြောင်း ဆုံးဖြတ်ခဲ့သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် မြောက်ကိုရီးယားအစိုးရက ပြုံယမ်းမြို့တော်ပေါ်၌ ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင်များ ကြဲချခဲ့ကြောင်းဖြင့် တောင်ကိုရီးယားအစိုးရအား ဒရုန်းများ ထိုးဖောက်ဝင်ရောက်မှုနှင့် စွပ်စွဲခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ကင်က မြောက်ကိုရီးယား၏ စွပ်စွဲချက်ကို ကနဦးမှာ ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲချက်ကို အတည်ပြုလို့မရသလို ငြင်းဆို၍ လည်း မရကြောင်း ပြောခဲ့သည်။
ဇွန်လ ၁၂ ရက်တွင် တရားရုံးဆုံးဖြတ်ချက်က ယွန် အတွက် နောက်ဆုံးတရားစွဲဆိုမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်းလည်းဖြစ်သည်။ သမ္မတဟောင်း ယွန်ဆပ်ယိုလ် ကို လက်ရှိတွင် ဖမ်းဆီးထားပြီး ၎င်း၏ မအောင်မြင်သည့်စစ်ကုပ်ချုပ်ရေးအမိန်နှင့် ဆက်စပ်သည့် ရုံးတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
မအောင်မြင်သည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်မှတစ်ဆင့် ပုန်ကန်မှုကို ဦးဆောင်ခဲ့၍ဟု ဆိုပြီး ယွန်အား တရားရုံးက ဖေဖော်ဝါရီလတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီးဖြစ်သည်။ ယွန် က အဆိုပါ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ကြောင်း သိရသည်။
Ref : Yonhap News
