နေမိုး
၁၂. ၆. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ PDF တစ်ဦးအပါအဝင် အမျိုးသား နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားရှိ အိမ်အမှတ်(နန-၁၂/၁၃)သို့ အမျိုးသား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ခြံဝင်းသံတံခါးအား လက်ပစ်ဗုံး ထိမှန်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ် ခြံဝင်းသံတံခါးနှင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာ တစ်လုံး ဗုံးပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွားခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုကျူးလွန်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဘောက်သောက်ကျေးရွာနေ တရားခံ လွင်မိုး(၂၆)နှစ်(ဘ)ဦးနိုင်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၁၃၄ လမ်း၊ ၆၀ လမ်းနှင့် ၆၀(A)လမ်းကြားရှိ “KTS Mobile” ဆိုင်၌ လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ မိုးသောက်ကျေးရွာနေ တရားခံ ဘိုခန့်(ခ)ခန့်ကျော်(၂၄)နှစ်(ဘ)ဦးသိန်းအား ပြစ်မှုကျူးလွန်ရာတွင် စီးနင်းအသုံးပြုခဲ့သည့် CANDA-125 ဆိုင်ကယ်နှင့်အတူ (ဆ)ရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၃၀ လမ်းထောင့်ရှိ “ဇမ္ဗူကျော်” အိမ်ဆောက်ပစ္စည်းဆိုင်၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ လွင်မိုး၏ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း၌ ခင်မင်ရင်းနှီးသူ PDF ရီဝေအောင်(ခ)ဒက်ကြီး၏ ဆက်သွယ်ပေးမှုဖြင့် စစ်ကိုင်းမြို့နယ်၊ ထန်းကြီးတောကျေးရွာနှင့် သစ္စာဂူဘုရားကြားရှိ တောအတွင်း အကြမ်းဖက်သင်တန်းအား တစ်လခန့်တက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းရှိ လိုအပ်သည်များ ဆောင်ရွက်ပေးရန် မန္တလေးမြို့သို့ ပြန်လာ၍ “KTS Mobile” ဖုန်းဆိုင်၌ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေ ၃၀ ရက်တွင် ရီဝေအောင်(ခ)ဒက်ကြီးနှင့် ၄၉ လမ်း၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားရှိ “ငါတို့မေ” တည်းခိုခန်း၌ တွေ့ဆုံ၍ ရီဝေအောင်(ခ)ဒက်ကြီးမှ မန္တလေးမြို့ပေါ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်အတွက် MG-1 လက်ပစ်ဗုံး တစ်လုံးအား ပေးထားခဲ့သဖြင့် ၎င်း၏မိတ်ဆွေဖြစ်သူ ဘိုခန့်(ခ)ခန့်ကျော်နှင့်အတူ အများပြည်သူထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ အခင်းဖြစ်နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ လွင်မိုးနှင့် ဘိုခန့်(ခ)ခန့်ကျော်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်တရားခံ ရီဝေအောင်(ခ)ဒက်ကြီးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
