




၁၂.၆.၂၀၂၆
Written by Linn Eain
ပခုက္ကူမြို့နယ်မှ အသက် ၂ နှစ်ခွဲအရွယ် ရင်ချင်းဆက်အမွှာမိန်းကလေးနှစ်ဦးအား သီးခြားစီခွဲထုတ်နိုင်ရေး ရန်ကုန်ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးနေကြောင်း သိရသည်။
အဆိုပါ ရင်ချင်းဆက်အမွှာညီအစ်မမှာ ပခုက္ကူမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ဦးထွန်းလင်းအောင် နှင့် ဒေါ်ယဉ်နုခိုင်တို့၏ သမီးများဖြစ်ပြီး မကြာညိုသင်း(အကြီး) နှင့် မကြာညိုသိမ့်(အငယ်) အသက် (၂)နှစ် (၅)လတို့ဖြစ်ကာ ကုသမှုခံယူရန် ဇန်နဝါရီ ၆ ရက်ကတည်းက ဆေးရုံတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခွဲစိတ်ကုသမှုခံယူမည့် ရင်ချင်းဆက်အမွှာညီအစ်မအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် စည်ပင်သာယာရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်တို့ ဇွန် ၁၁ ရက်က သွားရောက်ကြည့်ရှုအားပေးကာ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင် ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးက အနီးကပ်ကြီးကြပ်လျက်ရှိကာ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ညိုညိုဝင်း ဦးဆောင်သော ဆေးဘက်ဆိုင်ရာအဖွဲ့က ခွဲစိတ်ကုသလျက်ရှိကြောင်း သိရသည်။
ခွဲစိတ်ကုသမှုခံယူလျက်ရှိသည့် ရင်ချင်းဆက်အမွှာကိုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
