သက်တံ့
၁၂. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရာ့ချ်ပရာရွတ် (Ratchaprarop) နယ်မြေအတွင်းရှိ အခန်းတစ်ခု၏ ပလတ်စတစ်ပုံးတစ်ပုံးထဲတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပိုင်းဖြတ်ခြင်းခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီးနောက် ပျောက်ဆုံးနေသည့် သူမ၏ခင်ပွန်းဖြစ်သူ မြန်မာအမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုသံသယဖြင့် ရှာဖွေနေကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ဆွေမျိုးဖြစ်သူက ဒင်ဒန်း (Din Daeng) ရဲစခန်းသို့ လာရောက်တိုင်တန်းရာမှ ဤအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကလောင်တွဲ (Khlong Toei) ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သည့် အဆိုပါအမျိုးသမီးသည် ဇွန်လ ၉ ရက်နေ့ကတည်းက အဆက်အသွယ် ပြတ်တောက်နေခဲ့ခြင်း ဖြစ်သည်။

၎င်းအမျိုးသမီးသည် ဆွိုင်ရာ့ချ်ပရာရွတ် ၁၄ (Soi Ratchaprarop 14) ရှိ သုံးထပ်ကွန်ဒိုမီနီယံတစ်ခုတွင် နေထိုင်ကြောင်း ဆွေမျိုးဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပြီး ၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် ရုအမ်ကတန်ညူ (Ruam Katanyu) ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဒုတိယထပ်ရှိ အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ရာ ပြင်းထန်သောအနံ့အသက်ဆိုးတစ်ခုကို ရရှိခဲ့ကြသည်။ အခန်းတွင်းရှိ ပလတ်စတစ်ပုံးတစ်ခုထဲတွင် ပျောက်ဆုံးနေသည့် မြန်မာအမျိုးသမီး၏ ရုပ်အလောင်းဟု ယူဆရသည့် သတ်ဖြတ်ခံထားရသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ပလတ်စတစ်ပုံးထဲတွင် ဝှက်ထားသော်လည်း အချို့သော အစိတ်အပိုင်းများကိုမူ အခင်းဖြစ်ပွားရာနေရာတွင် မတွေ့ရှိရသေးကြောင်း သိရသည်။ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် သေဆုံးရသည့်အကြောင်းရင်းကို ရှာဖွေရန်အတွက် ရုပ်အလောင်းအစိတ်အပိုင်းများကို ရာမာသီဗောဓီ (Ramathibodhi) ဆေးရုံသို့ ခွဲစိတ်စစ်ဆေးရန် ပို့ဆောင်ထားသည်။
ဆွေမျိုးဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောပြရာတွင် သဝန်တိုမှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုကာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူတွင် တာဝန်ရှိနိုင်ကြောင်း သံသယရှိနေကြသည်။ အဆိုပါအမျိုးသားသည် ဖက်ချ်ဘူရီ (Phetchaburi) လမ်းပေါ်ရှိ ဖျော်ဖြေရေးနေရာတစ်ခုတွင် ထမင်းချက်အဖြစ် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ ၎င်းဇနီးမောင်နှံသည် ဇွန်လ ၅ ရက်နေ့က စကားများရန်ဖြစ်ခဲ့ကြသည်။ ထို့နောက် ဇွန်လ ၁၂ ရက်နေ့တွင် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို အလုပ်ခွင်မှ လာရောက်ကြိုဆိုခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
ရဲတပ်ဖွဲ့က စီစီတီဗွီ (CCTV) မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ရာ ရုပ်အလောင်းကို မတွေ့ရှိမီအချိန်က ခင်ပွန်းဖြစ်သူဟု ယူဆရသည့် အမျိုးသားတစ်ဦးသည် အဆိုပါကွန်ဒိုမီနီယံမှ ခရီးဆောင်အိတ်အကြီးကြီးတစ်လုံးကို သယ်ဆောင်ပြီး ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေဖမ်းဆီးနိုင်ရန်အတွက် အခန်းတွင်းမှ မှုခင်းဆေးပညာဆိုင်ရာ သက်သေအထောက်အထားများကို စုဆောင်းနေပြီး အဆောက်အအုံအတွင်းရှိ နေထိုင်သူများနှင့် အနီးနားရှိ လူများကို မေးမြန်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အလားတူဖြစ်ရပ်မျိုး လွန်ခဲ့သည့် ဖေဖော်ဝါရီလက ပတ္တရား (Pattaya) မြို့တွင်လည်း ဖြစ်ပွားခဲ့ဖူးပြီး ရုရှားအမျိုးသားတစ်ဦးကို သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပိုင်းဖြတ်ခဲ့မှုဖြင့် ရုရှားအမျိုးသားနှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့က သေဆုံးသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို သီးခြားစီ ခွဲခြားမြှုပ်နှံခဲ့သော်လည်း ဒေသခံတစ်ဦး၏ မွေးမြူရေးခွေးက တူးဖော်မိရာမှ အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင်လည်း ဘန်ကောက်မြို့ရှိ ကွန်ဒိုမီနီယံတစ်ခုတွင် ယူကရိန်းနိုင်ငံသူ ရည်းစားဖြစ်သူကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပိုင်းဖြတ်ခဲ့မှုဖြင့် ပိုလန်အမျိုးသားတစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းသည် ဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ရန် နိုင်ငံပြင်ပသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် နယ်စပ်ခရိုင်တစ်ခု၌ ဖမ်းဆီးရမိခဲ့သည်။
Ref : The Thaiger

