သတိုး
၁၂. ၆. ၂၀၂၆
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ကြေညာခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ယခု သတင်းထုတ်ပြန်ဖော်ပြသည်။
ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ယခုနှစ် ဧပြီ ၁၀ ရက်တွင် ရွေးချယ်တင်မြှောက်ပြီးနောက် ဧပြီ ၂၅ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi (ဝမ်ယိ) မြန်မာနိုင်ငံသို့ ရောက်ရှိလာက နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က “မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါကြောင်း ပြောကြားခဲ့သလို တရုတ်နိုင်ငံအနေဖြင့် အဆွေတော်(ဦးမင်းအောင်လှိုင်) ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်စေခဲ့ခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတို့အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည်ဟုလည်း ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်ကို ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယခရီးစဉ်အပြီးတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေက တရုတ်နိုင်ငံသို့ ဇွန်လ ၄ရက်မှ ၆ ရက်အထိ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ တရားဝင်ဖိတ်ခေါ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
