၁၂.၆.၂၀၂၆
Written by Nay Yaung Lin
လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများတွင် ကလေးတစ်ဦးလျှင် တစ်ရက်တာ ဖြည့်စွက်အာဟာရအတွက် သတ်မှတ်ထားသည့် ၅၀ဝ ကျပ်ကို လက်ရှိကာလပေါက်ဈေးနှင့်အညီ တိုးမြှင့်သတ်မှတ်ပေးခြင်း (သို့) တိုင်းဒေသကြီး၏သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းပေးခြင်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ) မြောက်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း၏ ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက လာရောက်ဖြေကြားခဲ့သည်။
ထိုသို့ ဖြေကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူလတန်းကြိုကလေးများကို ယခင်ကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေမှ လျာထားဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေဖြင့်သာဆောင်ရွက်ခဲ့ခြင်းဖြစ်၍ တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းပေးရန် အစီအစဉ်မရှိကြောင်း ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ဖြေကြားခဲ့သည်။
အဆိုပါ ကလေးတစ်ဦးလျှင် ၅၀၀ ကျပ်သည် အာဟာရဖြစ်စေမည့် အာဟာရအတွက် မလုံလောက်ကြောင်းနှင့် ကြက်ဥတစ်လုံး၊ ကွေကာအုပ်တစ်ထုပ်၊ နွားနို့တစ်ခွက်၏ တန်ဖိုးသည် ၅၀၀ ကျပ်ထက် များစွာကျော်လွန်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ခေတ်ကာလပေါက်စျေးနဲ့ ကုန်စျေးနှုန်းတွေအရ ၅၀၀ ကျပ်ဟာ ကလေးငယ်တစ်ဦးအတွက် အာဟာရဖြစ်စေမဲ့ မုန့်တစ်မျိုး၊ နို့မှုန့်၊ နို့တစ်ဗူးဝယ်ယူရန်တောင် မလုံလောက်တော့ပါဘူး။ ကလေးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကြက်ဥတစ်လုံး၊ ကွေကာအုပ်တစ်ထုပ်၊ သို့မဟုတ် နွားနို့တစ်ခွက်ရဲ့ ကုန်စျေးနှုန်းတောင် ၅၀၀ ကျပ်ထက် များစွာကျော်လွန်နေပြီဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူကျေးမွေးရတဲ့အတွက် အာဟာရအတွက် လိုအပ်တဲ့ နို့နဲ့ဥအမျိုးမျိုး၊ အသီးအနှံစတာတွေကို ကျွေးမွေးဖို့မဖြစ်နိုင်ဘဲ တန်ဖိုးနည်းပြီးတော့ ကစီဓာတ်သာပါဝင်တဲ့ မုန့်မျိုးကိုသာကျွေးမွေးနိုင်တော့မှာဖြစ်တဲ့အတွက် ရေရှည်မှာလည်း အာဟာရချို့တဲ့နိုင်တာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ်ဝန်းကျင်ကာလများတွင် အဆိုပါမူလတန်းကြိုကျောင်းများရှိ ကလေးငယ်များအတွက် တစ်ရက်တာနေ့လယ်စာနှင့် အာဟာရဖြည့်စွက်စာကို ဌာနမှသတ်မှတ်သည့် တစ်ဦးကို ငါးရာကျပ်နှုန်းဖြင့် သင့်တင့်မျှတသည့် နေ့လယ်စာဖန်တီးနိုင်ခဲ့ကြောင်း၊ မြင့်တက်လာသည့် ကုန်စျေးနှုန်းများအရ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစပြီးတော့ နေ့လယ်စာကို အိမ်မှ ထမင်းချိုင့်ထည့်ရသည့်အခြေအနေဖြင့် ဆက်လက်ထားရှိခဲ့ပြီး နေ့လယ်စာထမင်းစားပြီးနောက် တရေးနိုးအချိန်ကျမှသာလျှင် ဖော်ပြထားသည့် ဌာနမှပံ့ပိုးထားသော ဖြည့်စွက်အာဟာရ ၅၀၀ ကျပ်ဖြင့် စီစဉ်ထားသည် ကျွေးမွေးမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် မြို့နယ် ၂၄ မြို့နယ်၌ မူလတန်းကြိုကျောင်းပေါင်း ၃၆ ကျောင်းဖွင့်လှစ်ထားရှိပြီး လူမှုဝန်ထမ်း ၂၁၃ ဦးမှ ကလေးငယ်များကို ပြုစုသင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
