၁၂. ၆.၂၀၂၆
Written By Min Thet
လူငယ်တစ်ဦး အသတ်ခံရသည့်အမှုတွင် အဓိကတရားလိုပြသက်သေက လာဘ်ငွေယူ၍ မမှန်မကန် ထွက်ဆိုမိကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။
ယင်းသို့ ဖွင့်ဟ ပြောဆိုခြင်းမှာ အမှုမှန်ပေါ်ပေါက်စေလို၍ ဖြစ်ပြီး ဥပဒေအတိုင်း ဖြစ်စေလို၍ ဖွင့်ပြောခြင်း ဖြစ်ကြောင်းလည်း ယင်းက ဆိုသည်။
လာဘ်ငွေယူ၍ အမှုကို မမှန်မကန် သက်သေထွက်ဆိုသူမှာ မောင်လှိုင်ဇေထွန်း ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်ညက သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် သက်ဦးဇော်ဆိုသူနှင့် မယားညီအစ်ကိုတော်စပ်သူဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုတွင် အဓိကတရားလိုပြသက်သေဖြစ်သူ မောင်လှိုင်ဇေထွန်း (သေဆုံးသူနှင့် မယားညီအစ်ကို) က လက်ရှိ ရင်ဆိုင်ဆဲ တရားခွင်အတွင်း တရားခံများပေးသည့် လာဘ်ငွေယူကာ အဖြစ်မှန်ကို ကွယ်ဝှက်ထွက်ဆိုခဲ့မိကြောင်း MT News ကို မီဒီယာများနှင့် တွေ့ဆုံသည့် ဇွန်လ ၈ ရက်က ပြောသည်။
“ဒီအမှုကို အမှန်အတိုင်း ဖြစ်စေချင်တယ်။ ပိုက်ဆံယူခဲ့မိပါတယ်။ မမြင်ပါဘူးဆိုပြီး ထွက်ဆိုခိုင်းခဲ့တာပါ။ အကြွေးကလည်းရှိနေတော့ ပိုက်ဆံယူပြီး ထွက်ဆိုခဲ့ပါတယ်။ အခုကတော့ အမှန်ပေါ်ပေါက်စေချင်လို့ မမှန်မကန်ထွက်ဆိုခဲ့တာကို ပြောပြတာပါ”ဟု ယင်းက ပြောသည်။
လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ မီးချစ်စံကျေးရွာနေ အသက် ၁၉ နှစ်အရွယ် သက်ဦးဇော်အား လူ ၅ ဦးက ဝိုင်းရိုက်ခဲ့သောကြောင့် နေရာ၌ပင် သေဆုံးခဲ့ရသည့် အမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ဦးဇော်သေဆုံးခဲ့သည့်အတွက် ဇနီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မအေးမြတ်မွန်က ကျေးရွာ နယ်မြေရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ရာ ပျော်ဘွယ်နယ်မြေရဲစခန်းက(ပ)၂၅/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ – ၃၀၂၊ ၃၂၅၊ ၂၉၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်၍ တရားစွဲဆိုတင်ပို့ ရာ လက်ရှိတွင် တွံတေးခရိုင်တရားရုံးက ရာကြီးမှုအမှတ်- ၂၈/၂၀၂၆ဖြင့် စစ်ဆေး စီရင်နေဆဲဖြစ်ကြောင်း သိရသည်။
အမှုမှာ ဧပြီလ ၂၂ ရက် ည ၁၀ နာရီခွဲခန့်အချိန် ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာရှိ ခဲအိုဖြစ်သူ လှိုင်ဇေထွန်း၏ နေအိမ်၌ (တရားလို)မအေးမြတ်မွန်က ခင်ပွန်းဖြစ်သူ သက်ဦးဇော် (သေဆုံးခဲ့သူ) နှင့် အတူ ရှိနေစဉ် အိမ်ချင်းကပ် မသိင်္ဂီအေးနေအိမ်၌ သီချင်းများအော်ဆိုနေကြသဖြင့် ခင်ပွန်းဖြစ်သူ သက်ဦးဇော်က ခဲဖြင့်ပစ်ပေါက်သည့်ကိစ္စကို ပြည့်ဖြိုးအောင်၊ ပိုင်ဇေ၊ ကျော်ကျော်မင်း၊ ယွန်းနဒီ၊ သိင်္ဂီဌေးတို့(၅)ဦးက မကျေနပ်၍ ဖြစ်ပေါ်ခဲ့သည့် ပြဿနာကြောင့် လူသတ်မှု ဖြစ်စဉ်ထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတွင် လှိုင်ဇေထွန်းအား ပြည့်ဖြိုးအောင်၊ ပိုင်ဇေ ကျော်ကျော်မင်းတို့ ၃ ဦးက ဝိုင်းရိုက်ကြကာ ယွန်းနဒီနှင့် သိင်္ဂီဌေးတို့ကလည်း ညစ်ညစ်ညမ်းညမ်းဆဲဆိုနေ၍ သက်ဦးဇော်က ဝိုင်းဝန်းဖျန်ဖြေပေးစဥ် ဝိုင်းရိုက်ကြသဖြင့် လက်ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ကျောကုန်းညိုမဲဖူးရောင်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း၊ လှိုင်ဇေထွန်းတွင်လက်ဝဲဘက်နားထင်ဖူးရောင် ဒဏ်ရာ (၁)ချက်နှင့်နှာခေါင်းဖူးရောင်ဒဏ်ရာတို့ရရှိခဲ့ကြောင်း တရားလို မအေးမြတ်မွန်၏ တိုင်တန်းချက်များအရ သိရသည်။
ဖြစ်စဥ်တွင် ကိုယ်တိုင်ပါဝင်၍ အဖြစ်မှန်ကိုမြင်တွေ့သိရှိခဲ့သော်လည်း လှိုင်ဇေထွန်းက ဆေးကုသရန်ပေးငွေ(၇)သိန်းကို လက်ခံရ ယူထားခြင်း၊ လာဘ်ငွေ(၅) သိန်းကို စာချုပ်ချုပ်ဆိုယူဆောင်ထားခြင်းတို့ကြောင့် တရားခွင်အတွင်းအဖြစ်မှန်ကို ဖုံးကွယ်၍ မမှန်မကန် ထွက်ဆိုခဲ့ကြောင်း လှိုင်ဇေထွန်းက ဝန်ခံပြောပြသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၁၂ ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်းလည်း သိရသည်။






