သက်တံ့
၈. ၆. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းအနီး ပင်လယ်ပြင်တွင် ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၇ နာရီခွဲခန့်က ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့မှုဖြစ်စဉ်အတွင်း အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၁၃၄ ဦး ဒဏ်ရာရရှိကာ ၇ ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်အရပ်ဘက်ကာကွယ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဂျန်နရယ်ဆန်းတိုးစ် (General Santos) မြို့အပါအဝင် မင်ဒါနာအိုကျွန်းရှိ မြို့အတော်များများတွင် အဆောက်အအုံများနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့သည်။ ထို့ပြင် ငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား ၆ ဒသမ ၅ အဆင့်အထိရှိသော နောက်ဆက်တွဲငလျင် (Aftershocks) များ ဆက်တိုက်လှုပ်ခတ်ခဲ့သည်။
ယခုငလျင်ကြောင့် ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနက ယနေ့မှ စတင်ဖွင့်လှစ်သည့် ကျောင်းပေါင်း ၅,၉၀၀ ခန့်တွင် သင်ခန်းစာများ အရေးပေါ်ရပ်နားခဲ့ရသလို လေကြောင်းလိုင်းများကလည်း ပြည်တွင်းခရီးစဉ် ၁၇ ခုကို ဖျက်သိမ်းခဲ့ရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဆူနာမီရေလှိုင်းသတိပေးချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြရသည်။ သို့သော်လည်း နောက်ပိုင်းတွင် အန္တရာယ်ရှိသော ရေလှိုင်းမြင့်တက်မှုများ မရှိတော့သဖြင့် ဆူနာမီသတိပေးချက်များကို အားလုံးပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဆူနာမီသတိပေးချက်ကြောင့် ကမ်းရိုးတန်းဒေသရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြရသည်။ ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ ကီယမ်ဘာ (Kiamba) မြို့ကမ်းခြေတွင် အမြင့်ဆုံး ဆူနာမီရေလှိုင်း ၁ ဒသမ ၄၈ မီတာအထိ တက်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုမရှိဘဲ အခြေအနေ ပြန်လည်တည်ငြိမ်သွားသဖြင့် မွန်းလွဲ ၃ နာရီ ၁၉ မိနစ်တွင် သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထို့အတူ ဂျပန်နိုင်ငံတွင် အိဘာရာကီပြည်နယ်မှ အိုကီနာဝါပြည်နယ်အထိ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် အိမ်ထောင်စုပေါင်း ၉၆,၀၀၀ ခန့် (လူဦးရေ ၁၈၁,၅၀၀ ခန့်) ကို သက်ရောက်စေမည့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ အချို့ဒေသများတွင် ကမ်းရိုးတန်းအနီးရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့ပြီး ကူးတို့သင်္ဘော (Ferry) ပြေးဆွဲမှုများကိုလည်း ဆိုင်းငံ့ခဲ့ရသည်။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က ဖိလစ်ပိုင်နိုင်ငံအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုအားလုံး ပေးအပ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
အလားတူ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ – အင်ဒိုနီးရှားနိုင်ငံ ဆန်ဂီဟီ (Sangihe) ကျွန်းတွင် ၀ ဒသမ ၇၅ မီတာအမြင့်ရှိသော ဆူနာမီရေလှိုင်းငယ်များ တွေ့ရှိခဲ့ရပြီး အဆောက်အအုံအချို့ အင်္ဂတေကွာကျခြင်းနှင့် ခြံစည်းရိုးပြိုခြင်းများ ရှိခဲ့သည်။ မလေးရှားနိုင်ငံ ဆာဘား (Sabah) ကမ်းရိုးတန်းတွင်လည်း လှုပ်ခတ်မှုများ ခံစားခဲ့ရသည်။ လက်ရှိတွင် နှစ်နိုင်ငံစလုံး၌ ဆူနာမီသတိပေးချက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကလည်း ဖိလစ်ပိုင်သို့ ကူညီရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Ref : The Straits Times









