၈.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘောလုံးပွဲ ယှဉ်ပြိုင်မည့် အီရန်ဘောလုံးအသင်းကို ပြည်ဝင်ခွင့် ဗီဇာခွင့်ပြုရေးနှင့် ပတ်သက်၍ ပြင်းထန်သော သံတမန်ရေးအငြင်းပွားမှုကို စတင်ခဲ့ပြီးနောက်မှာပင် ယှဉ်ပြိဲင်မည့် အီရန်ဘောလုံးအသင်းသားများကို တင်ဆောင်လာသော လေယာဉ်တစ်စင်းက မက္ကဆီကိုနိုင်ငံ၏ နယ်စပ်မြို့ တီဟွာနာ (Tijuana) သို့ ဇွန်လ ၇ ရက် နံနက်အစောပိုင်းက ဆင်းသက်ခဲ့သည်ကို AFP သတင်းထောက်တစ်ဦးက မျက်မြင်တွေ့ရှိခဲ့ကြောင်း သိရသည်။
တူရကီမှ ထွက်ခွာလာပြီး စပိန်တွင်လည်း ရပ်နားခဲ့သည့် အဆိုပါ ဒေသစံတော်ချိန် နံနက် ၅:၀၀ နာရီ(GMT ၁၂၀၀) ခန့်တွင် တီဟွာနာသို့ ဆင်းသက်ခဲ့သည်ကို AFP ဓာတ်ပုံဆရာတစ်ဦးက မြင်တွေ့ခဲ့ရသည်။ မက္ကဆီကို၊ အမေရိကန်နှင့် ကနေဒါတို့ ပူးတွဲလက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အီရန်အသင်းက ထိုနေရာ၌ စခန်းချမည်ဖြစ်သည်။
ကမ္ဘာ့ဖလားမစတင်မီ ရက်အနည်းငယ်အလိုတွင် အီရန်ကစားသမားများအတွက် အမေရိကန်က ပြည်ဝင်ခွင့်ခွင့်ပြုချက်နှင့်ပတ်သက်၍ မရေမရာမှုများ ရှိနေဆဲဖြစ်ပြီး အီရန်အဖွဲ့အစည်းအမျိုးမျိုးက ထိုမမျှတသော ဆက်ဆံမှုကို ကန့်ကွက်ရှုတ်ချလျက်ရှိကြသည်။
အီရန်သည် ၎င်းတို့၏ အုပ်စုအဆင့်ပွဲစဉ်သုံးပွဲစလုံးကို အမေရိကန်တွင် ကစားရမည်ဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့ တွင် နယူးဇီလန်နှင့် ဘယ်လ်ဂျီယံအသင်းတို့နှင့် ရင်ဆိုင်ကစားပြီးနောက် ဆီယက်တဲလ်မြို့တွင် အီဂျစ်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။
၎င်းတို့သည် ဗီဇာများ ရရှိထားပြီးဖြစ်သော်လည်း အသင်းသည် ၎င်းတို့၏ပွဲစဉ်များကစားရမည့်နေ့များ၌ သာ အမေရိကန်သို့ ဝင်ရောက်ခွင့်ရမည်ဟု မက္ကဆီကိုနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးက တီဟွာနာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဇွန်လ ၆ ရက်က ပြောကြားခဲ့သည်။
သို့သော်အီရန်ဘောလုံးအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကစားသမားများသည် ၎င်းတို့၏ ပထမဆုံးပွဲစဉ်မတိုင်မီ တစ်ရက်အလိုနှင့် နောက်ပွဲစဉ်များ၌ ပွဲရက်မတိုင်မီ နှစ်ရက်အလိုတွင် အမေရိကန်သို့ ရောက်ရှိမည်ဟု ယခင်က ပြောကြားခဲ့သည်။
အီရန်မီဒီယာများ၏ အဆိုအရ အမေရိကန်ကဗီဇာငြင်းပယ်ခံရသည့် ဝန်ထမ်း ၁၅ ဦးအနက် တစ်ဦးဖြစ်သည့် အီရန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ မယ်ဒီတာ့ဂျ်က နိုင်ငံပိုင်သတင်းဌာန IRNA မှ ဖော်ပြသည့် ဗီဒီယိုတစ်ခုတွင် အမေရိကန်၏ ကီရန်အသင်းကို မမျှတစွာ ဆက်ဆံမှုကို ဇွန်လ ၇ ရက်က ဝေဖန်ခဲ့သည်။
“ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို နိုင်ငံကိုယ်စားပြု အမျိုးသားအသင်းတစ်သင်းကို ပွဲစဉ်မတိုင်မီ တစ်ရက်အလိုကျမှ အိမ်ရှင်နိုင်ငံကို ဝင်ရောက်ခွင့်ပြုတာမျိုးရှိသလဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းအစီအစဉ်ကို အငြိုးအတေး၊ ဘက်လိုက်မှု၊ ပြင်ဆင်မှုမရှိခြင်းနှင့် မညီမျှမှုတို့ ရှိနေသောပုံစံအဖြစ် ပြောကြားခဲ့သည်။
အမေရိကန်အစိုးရနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တို့ကမူ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်း မရှိခဲ့ပေ။
အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့အကြား စစ်ပွဲအတွင်း ဗီဇာနှင့်ပတ်သက်သည့် စိုးရိမ်ရမှုများ ပေါ်ပေါက်လာပြီးနောက် အီရန်အသင်းသည် ၎င်းတို့၏ လေ့ကျင့်ရေးစခန်းကို အရီဇိုးနားပြည်နယ်မှ မက္ကဆီကိုနိုင်ငံ၊ တီဟွာနာသို့ ပြောင်းရွှေ့ခဲ့ခြစ်းလည်းဖြစ်သည်။
အီရန်ဘောလုံးကစားသမားများကမူ ဝန်ထမ်းအချို့နှင့်မတူဘဲ နောက်ဆုံးတွင် အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာများ ရရှိခဲ့သည်။
Ref- AFP
