သက်တံ့
၈. ၆. ၂၀၂၆
အီရတ်နိုင်ငံတောင်ပိုင်း နက်ဆီရီယာ (Nassiriya) မြို့အနီးတွင် တနင်္ဂနွေနေ့ (ဇွန် ၇ ရက်) က ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့မှုကြောင့် အနည်းဆုံး အီရတ်နိုင်ငံသား ၂၁ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် နက်ဆီရီယာမြို့အနီးရှိ အဝေးပြေးလမ်းမပေါ်တွင် ယာဉ်မောင်းဖြစ်သူက ဘတ်စ်ကားကို မထိန်းချုပ်နိုင်တော့ဘဲ လမ်းဘေးသို့ တိမ်းမှောက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ (Ali al-Zaidi) က ယခုယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားပြီး မတော်တဆမှုနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်အခြေအနေများကို အစီရင်ခံစာတင်ပြရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ ဖြစ်ပွားရာနေရာနှင့် ဆေးရုံတွင် လူ ၂၁ ဦး သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြား ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ အများစုမှာ ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိထားကြသဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယာဉ်တိမ်းမှောက်ရသည့် အကြောင်းအရင်း အသေးစိတ်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
အီရတ်နိုင်ငံတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေဆိုးရွားခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းတို့ကြောင့် နှစ်စဉ် လူသေဆုံးမှုများပြားသည့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref : Reuters
