သက်တံ့
၈. ၆. ၂၀၂၆
စင်ကာပူနိုင်ငံတွင် ဗီဇာသက်တမ်းကုန်လွန်သွားသော်လည်း တရားမဝင် ဆက်လက်နေထိုင်ခဲ့ပြီးနောက် စင်ကာပူဒေါ်လာ ၃,၀၀၀ ပေးကာ ကားနောက်ဖုံး (အနောက်ပစ္စည်းတင်ခန်း) ထဲ၌ ပုန်းလျှိုး၍ နိုင်ငံပြင်ပသို့ ခိုးထွက်ခဲ့သည့် အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၁၆ ပတ်နှင့် ကြိမ်ဒဏ် ၃ ချက် ချမှတ်ခဲ့သည်။
တရားခံဖြစ်သူ မင်းအောင်ငွေပိုင် (Min Aung Ngwe Paing) သည် ဇွန်လ ၅ ရက်နေ့တွင် ၎င်းအပေါ် စွဲချက်တင်ထားသည့် အမှု ၄ ခုအနက် ၂ ခုကို ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့သည်ဟု Shin Min Daily News က ဖော်ပြခဲ့သည်။ ကျန်ရှိသော စွဲချက်များကိုမူ ပြစ်ဒဏ်စီရင်ရာတွင် တစ်ပါတည်း ထည့်သွင်းစဉ်းစားခဲ့သည်။
Mothership သတင်းဌာနက မြင်တွေ့ခဲ့ရသည့် စွဲချက်မှတ်တမ်းများအရ မင်းအောင်ငွေပိုင်သည် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် စင်ကာပူနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ပြီး ရက် ၃၀ အလည်အပတ်ဗီဇာ ရရှိခဲ့သည်။ အဆိုပါဗီဇာမှာ ထိုနှစ် အောက်တိုဘာ ၂၃ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း ၎င်းသည် အလုပ်ရှာဖွေရန်အတွက် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ၁၃၇ ရက်တိုင်တိုင် စင်ကာပူတွင် တရားမဝင် ဆက်လက်နေထိုင်ခဲ့သည်။
ထို့နောက် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် မင်းအောင်ငွေပိုင်သည် စင်ကာပူဒေါ်လာ ၃,၀၀၀ ပေးပါက နိုင်ငံအတွင်းမှ တရားမဝင် ခိုးထုတ်ပေးမည်ဟု သဘောတူညီခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း မသိရသော အမျိုးသားတစ်ဦးနှင့် ချိတ်ဆက်မိခဲ့သည်။
၂၀၁၄ ခုနှစ် မတ်လ ၉ ရက် ည ၁၁ နာရီခန့်တွင် ၎င်းတို့နှစ်ဦးသည် ဝုဒ်လန်းစ် (Woodlands) အနီးရှိ ကားပါကင်တစ်ခု၌ တွေ့ဆုံခဲ့ကြသည်။ ထိုအမျိုးသားက မင်းအောင်ငွေပိုင်ကို ကားနောက်ဖုံးထဲတွင် ပုန်းနေရန် ညွှန်ကြားခဲ့ပြီး ဝုဒ်လန်းစ်စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံထဲသို့ မောင်းနှင်ခိုးထုတ်ပေးမည်ဟု ပြောကြားခဲ့သည်။ မင်းအောင်ငွေပိုင်က သဘောတူညီကာ ငွေချေခဲ့ပြီး မိနစ် ၄၀ ခန့်အကြာတွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူ (Johor Bahru) သို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဘတ်စ်ကားဖြင့် သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
စင်ကာပူပြင်ပတွင် ၉ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်း မတည်ငြိမ်မှုများကြောင့် အလုပ်အကိုင် ပြန်လည်ရှာဖွေရန်အတွက် စင်ကာပူသို့ ပြန်လာရန် မင်းအောင်ငွေပိုင်က ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် မိမိ၏ ကိုယ်ရေးအချက်အလက်အစစ်အမှန်များနှင့် ကိုက်ညီမှုမရှိသော ပတ်စ်ပို့အမျိုးအစားတစ်ခုကို ရရှိရန်အတွက် ပွဲစားတစ်ဦးထံ စင်ကာပူဒေါ်လာ ၆၁၀ ခန့် ပေးဆောင်ခဲ့ရကြောင်း သိရသည်။
ထို့နောက် ယခုနှစ် မေလ ၁၂ ရက်နေ့တွင် မင်းအောင်ငွေပိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးခံရသည့်အချိန်တွင် စင်ကာပူ၌ တရားမဝင် ဗီဇာသက်တမ်းကျော် နေထိုင်ခဲ့သည့်ကာလမှာ ၁ နှစ်၊ ၅ လနှင့် ၂၈ ရက်ခန့် ရှိနေပြီ ဖြစ်ပြီး ဖမ်းဆီးအပြီး တစ်လအတွင်း မင်းအောင်ငွေပိုင်ကို ထောင်ဒဏ် ၁၆ ပတ်နှင့် ကြိမ်ဒဏ် ၃ ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
မင်းအောင်ငွေပိုင်က ၎င်း၏ မိဘများမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လို၍ သက်ညှာပေးပါရန် တရားရုံးတွင် လျှောက်လဲခဲ့သည်။
Ref : Mothership
