သက်တံ့
၈. ၆. ၂၀၂၆
မော်လ်တာနိုင်ငံအနီး မြေထဲပင်လယ်အတွင်း ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူ ၆၀ နီးပါး တင်ဆောင်လာသည့် စက်လှေတစ်စီး ယမန်နေ့က (ဇွန် ၇ ရက်) တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး အခြား ၄၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုစက်လှေသည် လစ်ဗျားနိုင်ငံမှ ထွက်ခွာလာပြီးနောက် မော်လ်တာနိုင်ငံ၏ အရှေ့-တောင်အရှေ့ဘက် ၄၅ ရေမိုင် (၈၃ ကီလိုမီတာ) ခန့်အကွာတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသအတွင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လှုံ့ဆော်မှု ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားပြီးနောက် အနီးအနားတွင် လုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းလှေတစ်စီးက ရေထဲမှ လူ ၄၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ မြေထဲပင်လယ်ကို ဖြတ်သန်းခရီးနှင်စဉ်အတွင်း လူအမြောက်အမြား တိုးဝှေ့လိုက်ပါလာသည့် အဆိုပါ ရေယာဉ်တိမ်းမှောက်သွားပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ဘေးကင်းရာသို့ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များသည် နောက်ပိုင်းတွင် ထိုဖြစ်စဉ် ဖြစ်ပွားရာ ပင်လယ်ပြင်အတွင်းမှ ရုပ်အလောင်း ၁၀ လောင်းကို ဆယ်ယူရရှိခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့က အဆိုပါ ရေယာဉ်သည် မော်လ်တာနိုင်ငံအနီး မတိမ်းမှောက်မီ လစ်ဗျားနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ရုပ်အလောင်းဆယ်ယူရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Ref : First Post
