သက်တံ့
၈. ၆. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီသမာရတ်ပြည်နယ် (Nakhon Si Thammarat)၊ စီချွန်ခရိုင် (Sichon) တွင် ပြီးခဲ့သည့် စနေနေ့ (ဇွန်လ ၆ ရက်) က ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် အဘိုးဖြစ်သူ မွေးထားသည့် အိမ်မွေးမျောက်၏ တိုက်ခိုက် ကိုက်ခဲမှုကြောင့် သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် သက်ပရတ်ကျေးရွာအုပ်စု (Thepparat)၊ ဘန်ခေါင်ယွမ်တောင် (Ban Khao Yuan Tao) လူမှုအသိုက်အဝန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်သည် အဘိုးဖြစ်သူ ဂျမ်ရွန်း (Jamroon) ပိုင်ဆိုင်သည့် ကုန်စုံဆိုင်သို့ တစ်ဦးတည်း လမ်းလျှောက်သွားစဉ် ယခုကဲ့သို့ လူသေဆုံးသည်အထိ ပြင်းထန်သည့် မျောက်ကိုက်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အမာရင်တီဗွီ (Amarin TV) ၏ ဖော်ပြချက်အရ ကလေးငယ်သည် ဆိုင်အနီးရှိ သစ်ပင်တွင် ချည်နှောင်ထားသည့် မျောက်ရှိရာနေရာသို့ ချဉ်းကပ်သွားခဲ့ရာမှ ရင်ဘတ်နှင့် ခြေထောက်တို့ကို အကြိမ်ကြိမ် အကိုက်ခံခဲ့ရသည်။
ကလေးငယ်ကို စီချွန်ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ခဲ့သော်လည်း ရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။ ရင်ဘတ်တွင် ရရှိခဲ့သော ဒဏ်ရာများသည် အဆုတ်ကို ထိခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ချန်နယ်လ် ဆဲဗင်း (Channel 7) သတင်းအရ အဘိုးဖြစ်သူသည် အဆိုပါ မျောက်ထီးကို ၂၀၂၂ ခုနှစ်ကတည်းက စတင်မွေးမြူခဲ့ခြင်းဖြစ်ပြီး ထိုင်းဘာသာဖြင့် “ကံကောင်းခြင်း” ဟု အဓိပ္ပာယ်ရသည့် “ချုတ်” (Choke) ဟု အမည်ပေးထားကြောင်း သိရသည်။ လက်ရှိတွင် ထိုမျောက်မှာ အသက် ၄ နှစ်ရှိပြီ ဖြစ်သည်။ ၎င်းကို အုန်းသီးဆွတ်ခူးခြင်းကဲ့သို့သော လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းမရှိဘဲ သစ်ပင်များအကြား လှုပ်ရှားသွားလာနိုင်ရန် ကြိုးအရှည်ဖြင့် ဆိုင်အပြင်ဘက်တွင် ချည်နှောင်ထားခြင်း ဖြစ်သည်။
ကလေးငယ်၏ မိခင်ဖြစ်သူ ဒါရနီ (Daranee) က ထိုင်းရတ် (Thai Rath) သတင်းဌာနသို့ ပြောကြားရာတွင် အဆိုပါမျောက်သည် ယခင်ကလည်း ကလေးငယ်၏ ဖခင်ဖြစ်သူနှင့် ရပ်ကွက်ထဲရှိ လေလွင့်ကြောင်တစ်ကောင်ကို တိုက်ခိုက်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။
ကလေးငယ်၏ အဘိုးကလည်း ၎င်းအနေဖြင့် ဆိုင်ကယ်စီးလာစဉ် လမ်းဘေးတောအုပ်တစ်ခုအတွင်း ယခုမျောက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရတ်သို့ ပြောကြားခဲ့သည်။ ၎င်းမျောက်သည် မိခင်နှင့် ကွဲကွာနေသည်ဟု ယုံကြည်သဖြင့် အိမ်သို့ ခေါ်ဆောင်လာကာ ထိုအချိန်ကတည်းက ကျွေးမွေးစောင့်ရှောက်ထားခဲ့ခြင်း ဖြစ်သည်။
ပလျန် (Plien) ရဲစခန်းမှ ရဲအရာရှိများသည် အဆိုပါ တိရစ္ဆာန်ကို ထိန်းသိမ်းရန် အမျိုးသားဥယျာဉ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း အာဏာပိုင်များ မရောက်ရှိလာမီ ဂျမ်ရွန်းက မျောက်ကို ခေါင်ပွန်တောင် (Khao Pong) အနီးရှိ တောအုပ်တစ်ခုအတွင်းသို့ လွှတ်လိုက်ပြီဖြစ်ကြောင်း ချန်နယ်လ် ဆဲဗင်းက ဖော်ပြခဲ့သည်။
ကလေးငယ်၏ နာရေးအခမ်းအနားကို ဒေသခံဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ကျင်းပခဲ့ပြီး မီးသဂြိုဟ်ခြင်းကို ယနေ့ (ဇွန်လ ၈ ရက်) တွင် ပြုလုပ်ရန် စီစဉ်ထားသည်။ အဆိုပါ တိရစ္ဆာန်မှာ ဆွေမျိုးသားချင်းတစ်ဦး၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေခြင်းကြောင့် မိသားစုက ဥပဒေကြောင်းအရ အရေးယူရန် ဆောင်ရွက်ခြင်းမရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အလားတူ မျောက်တိုက်ခိုက်မှုဖြစ်စဉ်တစ်ခု ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ကရာဘီ (Krabi) တွင် ဖြစ်ပွားခဲ့ပြီး ဂျာမန်ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတစ်ဦး ပါဝင်ပတ်သက်ခဲ့သည်။ အဆိုပါ နိုင်ငံခြားသူ အမျိုးသမီး၏ ပြောကြားချက်အရ အနီးအနားတွင် မျောက်နှစ်ကောင် ကိုက်နေကြရာမှ တစ်ကောင်က ၎င်းထံ ချဉ်းကပ်လာပြီး ခြေထောက်ကို ကိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းနောက် အမျိုးသမီးသည် ကာကွယ်ဆေးများနှင့် ဆေးဝါးကုသမှုများ ခံယူခဲ့ပြီး နောက်ဆက်တွဲ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
Ref : Thaiger
