၈.၆.၂၀၂၆
Written by Linn Eain
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “၂၀၂၆ ခုနှစ် အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များညီလာခံ” တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဇွန် ၇ ရက်၊ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
“၂၀၂၆ ခုနှစ် အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များညီလာခံ” ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ဇွန် ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီရုံး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းစိုးတို့လည်း လိုက်ပါသွားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အာဆီယံဒေသတွင်း မြို့တော်ကြီးများအကြား ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်နိုင်ရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မြို့တော်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲများသို့ တက်ရောက်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍစုံကို ကဏ္ဍအလိုက် ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် ကျန်တိုင်းအစိုးရအဖွဲ့ဝင်များ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။




