သက်တံ့
၆. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ပါတွန်ကမ်းလွန်အနီးသို့ ငါးမျှားးထွက်ရင်း ရက်အနည်းငယ်ကြာ ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို သောကြာနေ့ (ဇွန်လ ၅ ရက်) မွန်းလွဲပိုင်းက ပါရာဒိုက်စ်ကမ်းခြေ (Paradise Beach) အနီး ပင်လယ်ပြင်အတွင်း မျောပါနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ပါတွန်မြို့၊ ပါရာဒိုက်စ်ကမ်းခြေအနီး ပင်လယ်ပြင်တွင် လူသေလောင်းတစ်ခု မျောပါနေသည်ကို စက်လှေတစ်စင်းပေါ်ရှိ လူများက မြင်တွေ့သဖြင့် ကယ်ဆယ်ရေးသမားများကို အကြောင်းကြားခဲ့ပြီးနောက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ချက် ရောက်ရှိလာခြင်းဖြစ်သည်။
ရုပ်အလောင်းကို စတင်တွေ့ရှိသူများ၏ ပြောပြချက်အရ ပင်လယ်ရေပြင်တွင် သေဆုံးသူ မျောပါနေသည်ကို သတိပြုမိသဖြင့် ကယ်ဆယ်ရေးသမားများထံ ချက်ချင်းအကြောင်းကြားခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့က ရုပ်အလောင်းကို ကုန်းပေါ်သို့ ဆယ်ယူပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ပါတွန်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ ရဲဒုဗိုလ် နာရင်ဒ် ဘီလ်ဆင်က လာရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား ကိုမင်းမင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ပဏာမစုံစမ်းစစ်ဆေးမှုများအရ ကိုမင်းမင်းသည် အင်္ဂါနေ့ (ဇွန်လ ၂ ရက်) နံနက် ၁၀ နာရီခန့်က ကိုရယ်လ်ကမ်းခြေတံတားအနီးသို့ ငါးမျှားထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၎င်းသည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း တိုင်ကြားထားချက် ရှိခဲ့သည်။
၎င်း မည်သည့်အကြောင်းကြောင့် ပျောက်ဆုံးသွားခဲ့ရသည် ဆိုသည့် အခြေအနေကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရဲတပ်ဖွဲ့သည် ဝါချီရာဖူးခက်ဆေးရုံ မှ မှုခင်းဆရာဝန်များနှင့်အတူ အခင်းဖြစ်ပွားရာနေရာ၌ ပဏာမစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း သေဆုံးရသည့် အကြောင်းရင်းအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။
ထို့ကြောင့် သေဆုံးရသည့် အကြောင်းရင်းအမှန်ကို ဖော်ထုတ်နိုင်ရန်အတွက် ကိုမင်းမင်း၏ ရုပ်အလောင်းကို ဝါချီရာဖူးခက်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ပါတွန်ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ရင်ခွဲစစ်ဆေးချက် ရလဒ်များထွက်ပေါ်လာပါက လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref : Phuket News
