၆.၆.၂၀၂၆
Translated by Htwe Ko Tun
တန်ဇန်းနီးယားနိုင်ငံမှတ်ပုံတင်ထားတဲ့ ကုန်သေတ္တာတင်သင်္ဘော Golden Star 1 ဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီခွဲမှာ အင်ဒိုနီးရှားနိုင်ငံ ဘာတမ်ကျွန်းကမ်းလွန်ပင်လယ်ရေပြင်မှာ နစ်မြုပ်မှုဖြစ်ပွားခဲ့ပေမယ့် သင်္ဘောသားကိုးဦးစလုံးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဘေးကင်းစွာကယ်တင်နိုင်ခဲ့တယ်လို့ အင်ဒို နီးရှား ရေကြောင်းဆိပ်ကမ်းအာဏာပိုင်က ပြောကြားခဲ့ပါတယ်။
ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ရေကြောင်းဆိပ်ကမ်းအာဏာပိုင် (MPA) က ဖြစ်ရပ် ဟာ ဘာတမ်ကျွန်းကမ်းလွန် ခြောက်ကီလိုမီတာအကွာမှာနစ်မြုပ်ခဲ့ပြီး သင်္ဘောသားကိုးဦးစလုံးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဘောက ဦးစွာ ရေပေါ်မှာပေါ်နေသေးပေမယ့် နောက်ပိုင်းမှာနစ်မြုပ်သွားတယ်လို့ MPA က ပြောကြားခဲ့ပါတယ်။
MPA က ပင်လယ်ကူးသင်္ဘောတွေ ထိုဒေသကို ဖြတ်သန်းသွားလာတဲ့အခါ သတိထားကြဖို့နဲ့ ကုန်သေတ္တာတွေမျောပါနေတာ တွေ့ရှိပါက သတင်းပို့ကြဖို့ သင်္ဘောတွေကို အကြံပေးတဲ့ လမ်းညွှန်ထုတ်လွှင့်မှုတွေ ထုတ်ပြန်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သင်္ဘောနစ်မြုပ်မှုကြောင့် မလက္ကာရေလက်ကြားနဲ့ စင်ကာပူရေပြင်ရှိ သင်္ဘောသွားလာမှုကို ထိခိုက်မှုမရှိသလို လက်ရှိကာလအထိ စင်ကာပူရေပြင်မှာ ရေနံညစ်ညမ်းမှုသတင်းတွေ မရှိသေးဘူးလို လည်း ဆိပ်ကမ်းအာဏာပိုင်က ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားသတင်းဌာန Antara က သင်္ဘောဟာ ကုန်သေတ္တာ ၁၀၇ ခု တင်ဆောင်လာတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာအာဏာပိုင်များက နစ်မြုပ်မှုရဲ့အကြောင်းရင်းနဲ့ ဒီဖြစ်ရပ်ကြောင့် သင်္ဘောတွေနဲ့ ရေကြောင်းပတ်ဝန်းကျင်အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref- The Strait Times
