သတိုး
၆. ၆. ၂၀၂၆
ထိုင်းနိုင်ငံအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းစု PTT Exploration and Production Public Company Limited (PTTEP) သည် ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများရှိ လူမှုရေး၊ ပတ်ဝန်းကျင်နှင့် လူထုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကနဦးလုပ်ဆောင်ချက်များကြောင့် Global CSR & ESG Awards 2026 ပြိုင်ပွဲတွင် ဆုငါးဆု ဆွတ်ခူးရရှိခဲ့သည်။
လူထုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်သည့် CSR (Corporate Social Responsibility) နှင့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စံနှုန်းများကို လိုက်နာကျင့်သုံးသည့် ESG (Environmental, Social, and Governance) ကဏ္ဍများတွင် PTTEP ၏ အောင်မြင်မှုသည် လူ့အဖွဲ့အစည်း၊ လူထုနှင့် ပတ်ဝန်းကျင်အပေါ် ရေရှည်တည်တံ့သော တာဝန်ယူမှုများနှင့်အတူ စီးပွားရေးလုပ်ငန်းကို ယှဉ်တွဲလုပ်ဆောင်သွားမည်ဆိုသည့် ကုမ္ပဏီ၏ ကတိကဝတ်ကို ထင်ဟပ်စေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထိုင်းနိုင်ငံတွင်း လုပ်ဆောင်ချက်များအနေဖြင့် ဆောင်ခလာ (Songkhla) ရှိ PTTEP ရေနံဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစခန်းနှင့် PTTEP ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် PTTEP Energy Development Company Limited (PTTEP ED) တို့သည် “Ocean for Life” မဟာဗျူဟာအောက်ရှိ ကမ်းရိုးတန်း ထိန်းသိမ်းရေးဇုန်နှင့် ငါးခိုအောင်းရာနေရာ ဖန်တီးခြင်းစီမံကိန်း (Coastal Conservation Area and Fish Home Project) အတွက် အကောင်းဆုံးလူထုအစီအစဉ် (Best Community Programme) ဆုနှင့် ထိုင်းနိုင်ငံ၏ အကောင်းဆုံးနိုင်ငံအဆင့်ဆု (Best Country Award – Best in Thailand) ကဏ္ဍတို့တွင် ပလက်တီနမ်ဆု (Platinum Awards) နှစ်ဆု ဆွတ်ခူးခဲ့သည်။ ၎င်းစီမံကိန်းသည် ထိုင်းကွေ့ပတ်လည်ရှိ ပြည်နယ် ၁၇ ခုတွင် ပင်လယ်ပြင်ထိန်းသိမ်းရေးကို မြှင့်တင်ရန်၊ ပင်လယ်ရေသတ္တဝါ ဇီဝမျိုးစုံမျိုးကွဲများကို တိုးပွားစေရန်နှင့် ဒေသတွင်းစီးပွားရေးကို အားကောင်းစေရန် ရည်ရွယ်သည်။
နိုင်ငံတကာလုပ်ဆောင်ချက်များတွင်မူ PTTEP သည် မြန်မာနိုင်ငံရှိ အဆင့်မြင့်သက်မွေးဝမ်းကျောင်း ဒီပလိုမာပညာသင်ဆုအစီအစဉ် (High Vocational Diploma Scholarship Programme – HVD) အတွက် စာတတ်မြောက်ရေးနှင့် ပညာရေးထောက်ပံ့မှုဆိုင်ရာ ထူးချွန်ဆု (Excellence in Provision of Literacy & Education) ကဏ္ဍတွင် ပလက်တီနမ်ဆု ရရှိခဲ့သည်။ အဆိုပါအစီအစဉ်သည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကျောင်းသားများကို IRPC နည်းပညာကောလိပ်တွင် သက်မွေးဝမ်းကျောင်းပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး ပညာသင်ဆုများ ထောက်ပံ့ပေးခြင်းဖြင့် သက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်နှင့် အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့အပြင် PTTEP သည် အင်ဒိုနီးရှားနိုင်ငံရှိ ပေါင်းစပ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်အတွက် အကောင်းဆုံးပတ်ဝန်းကျင်ဆိုင်ရာ ထူးချွန်ဆု (Best Environmental Excellence) ကဏ္ဍတွင် ရွှေတံဆိပ်ဆု (Gold Award) ရရှိခဲ့သည်။ ယင်းစီမံကိန်းသည် ပင်လယ်ရေပြင်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို သက်သာစေရန် လူထုအခြေပြု စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို မြှင့်တင်ပေးသည်။
တစ်ချိန်တည်းမှာပင် မလေးရှားနိုင်ငံ၌ Borneo Lab+ အောက်ရှိ ကီနာဗာလူ အနုပညာဆိုင်ရာ အထူးအရောင်းဆိုင် (Kinabalu Art Boutique) လုပ်ဆောင်ချက်အတွက် CSR & ESG ခေါင်းဆောင်မှု (CSR & ESG Leadership) ကဏ္ဍတွင်လည်း ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၎င်းအစီအစဉ်သည် ယဉ်ကျေးမှုဆိုင်ရာလက္ခဏာများကို ထိန်းသိမ်းရင်း၊ အနုပညာနှင့် ဒေသထွက်ကုန်ပစ္စည်းများကို မြှင့်တင်ပေးခြင်းဖြင့် ဆာဘား (Sabah) ဒေသရှိ လူထု၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။
Sustainable Technology Centre (Singapore) က ကြီးမှူးကျင်းပသည့် Global CSR & ESG Awards 2026 ပြိုင်ပွဲသည် အာရှတစ်လွှား ရေရှည်တည်တံ့သော ဖွံ့ဖြိုးတက်မှုကို ဖော်ဆောင်နေသည့် အဖွဲ့အစည်းများကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။ အဆိုပါ ဆုနှင်းသဘင်အခမ်းအနားကို ထိုင်းနိုင်ငံရှိ Pullman Bangkok Hotel G တွင် ယမန်နေ့က ကျင်းပခဲ့သည်။
Ref: Bangkok Post
