နေမိုး
၆. ၆. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသူများအား ဖမ်းဆီးရမိခဲ့ရာမှ စုစုပေါင်း ကျွန်းသစ် ၁၅ တန်ခန့်နှင့် သစ်ပိုင်ရှင်များကိုပါ ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် မင်းလှမြို့နယ်၊ သရက်တပင်တာဆုံ၊ ရန်ကုန်-ပြည်လမ်းပေါ်၌ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် လက်ပံတန်းမြို့ဘက်မှ သာယာဝတီမြို့ဘက်သို့ ရန်ကုန်-ပြည်ကား လမ်းအတိုင်း ရန်ကုန်ဘက်မှ ပြည်ဘက်သို့ တိုက်ကြီးမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ အောင်သန်းညွန့် (ခ)ဆံနီ(၃၈)နှစ် မောင်းနှင်ပြီး ဘူတာရပ်ကွက်နေ ကျော်ဇင်သက်(ခ)ကပြား(၂၉)နှစ် လိုက်ပါလာသော YGN-10 8F/xxxx I-ZONE FORLAND ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျွန်းတံခါးရွက် ၆၅ ချပ်၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၆၆၅ ချောင်း၊ စုစုပေါင်း တန်ချိန် ၁ ဒသမ ၈၅၇၂ တန်ခန့်အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူတို့၏ထွက်ဆိုချက်အရ အဆိုပါကျွန်းတံခါးချပ်များနှင့် သစ်ပိုင်ရှင်ဖြစ်သူမှာ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၉)ရပ်ကွက်နေ မျိုးမင်းအောင်(ခ)ဖိုးဖြူ(၄၂)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မျိုးမင်းအောင်(ခ)ဖိုးဖြူအား နေအိမ်၌ မတွေ့ရှိဘဲ ၎င်းနေအိမ်ခြံဝင်းအတွင်း မသိင်္ဂီစိုး(ခ)သိင်္ဂီအေး(၂၅)နှစ်နှင့် ၎င်း၏မောင်ဖြစ်သူ ကောင်းကင်စိုး (၁၇)နှစ်တို့နှစ်ဦးအား တရားမဝင်သိုလှောင်ထားသည့် ကျွန်းတံခါးရွက် မျိုးစုံ ၂၂၂ ချပ်၊ ကျွန်းသစ်လုံး ၇၅ လုံး၊ စုစုပေါင်း ၁၃ ဒသမ ၂၃၆၄ တန်ခန့်နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်သန်းညွန့် (ခ)ဆံနီနှင့် ကျော်ဇင်သက်(ခ)ကပြား တို့နှစ်ဦးအား မင်းလှမြို့မရဲစခန်း (ပ)၆၇/၂၀၂၆၊ သစ်တော ဥပဒေပုဒ်မ ၄၃(က) ဖြင့် လည်းကောင်း၊ သိင်္ဂီစိုး(ခ)သိင်္ဂီအေး၊ ကောင်းကင်စိုးနှင့် မျိုးမင်းအောင်(ခ) ဖိုးဖြူတို့အား အေးမြသာယာနယ်မြေရဲစခန်း (ပ)၁၆/ ၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားရှိကာ မျိုးမင်းအောင်(ခ)ဖိုးဖြူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
