





၆.၆.၂၀၂၆
Written by KL
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာ၊ ဇဗ္ဗူထွန်းဆီဆိုင်အနီးရှိ ချောင်းရိုးနှင့် တံခွန်တိုင်ကျေးရွာအနီးရှိ တံခွန်တိုင်ချောင်းတွင် ဇွန်လ ၅ ရက် ညပိုင်းက မော်တော်ယာဥ် နှစ်စီးရေထဲမျောပါသွားခဲ့ရာမှ အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၅ ရက် ည ၇ နာရီ ၄၄ မိနစ်ခန့်က နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ ဇမ္ဗူထွန်း စက်သုံးဆီဆိုင်အနီးရှိ ချောင်းရိုးတွင် မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေမြင့်တက်နေချိန်၌ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးလိုက်ပါလာသော Hijet မော်တော်ယာဥ်တစ်စီးမှာ ရေစီးနှင့်အတူ မျောပါခဲ့သဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်၍ ထိခိုက်မှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့သည်။
“အင်းကုန်းရွာက Hijetယာဥ် ရေမျောတဲ့ဖြစ်စဥ်ကိုတော့ အသက်ကယ်ကြိုးတွေနဲ့ ဆွဲတင်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ပါတယ် “ဟု နတ်မောက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလားတူ ထိုည ၈ နာရီ ၁၄ မိနစ်ခန့်အချိန် နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာချောင်းတွင် ချောင်းရေမြင့်တက်နေစဥ် အမျိုးသားလေးဦးလိုက်ပါလာသော Kluger အဖြူရောင်မော်တော်ယာဥ်တစ်စီး ဖြတ်ကူးရာမှ ရေစီးနှင့်အတူမျောပါခဲ့ကြောင်း သိရသည်။
မော်တော်ယာဥ်မျောပါမှုကို မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ အမျိုးသားလေးဦးအနက် သုံးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ အမျိုးသားကြီးကို ဇွန်လ ၆ ရက် နံနက် ၈ နာရီ ၄၀ တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မော်တာ်ယာဥ်ကိုလည်း ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ရေထဲမျောပါ၍ သေဆုံးခဲ့သူမှာ အသက် ၇၂ နှစ်အရွယ် ဦးဝင်းမော်ဖြစ်ပြီး ရုပ်အလောင်းကို ဆယ်ယူ၍ နတ်မောက်မြို့နယ် ဒေသခံလူမှုကူညီရေးအသင်းက အသင်းဝင်များက နတ်မောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။
“ချောင်းရေတက်လာရင် အရဲတင်းပြီး မဖြတ်သင့်ဘူး။စောင့်လိုက်ရတာက ခရီးခဏကြာတယ်ဆိုပေမယ့် အသက်အန္တရာယ်တွေ မဆုံးရှုံးရဘူး”ဟု နတ်မောက်မြို့ခံတစ်ဦးက ပြောသည်။
