သက်တံ့
၆. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်ရှိ ရော်ဘာစိုက်ခင်းတစ်ခုအတွင်း ရုပ်အလောင်း တွေ့ရှိခဲ့ရသည့် အသက် ၇ နှစ်အရွယ် ရွှေ့ပြောင်း မြန်မာမိန်းကလေးငယ် (မွန်လူမျိုး) တစ်ဦး၏ သေဆုံးမှုတွင် ပါဝင်ပတ်သက်နေသည့် ဆွေမျိုးတော်စပ်သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ သံသယရှိသူနှစ်ဦးစလုံးက မိန်းကလေးငယ်ကို မတော်တဆ အသက်ရှူကျပ် သေဆုံးစေခဲ့ပြီးနောက် ရုပ်အလောင်းကို လာရောက်စွန့်ပစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။

“နောင်အငွန်” (Nong Angoon) ဟု ခေါ်သည့် အဆိုပါ မွန်လူမျိုးမိန်းကလေးငယ်သည် နေအိမ်မှ သုံးရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် ဆန်ခလာဘူရီခရိုင်၊ ပရင်ဖလေကျေးရွာအုပ်စု (Prang Phle)၊ သီခရွန်ကျေးရွာ (Thi Khrong) ရှိ ရော်ဘာစိုက်ခင်းတစ်ခုအတွင်းရှိ ဝါးရုံပင်အောက်၌ ၎င်း၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များသည် သေဆုံးသူ မိန်းကလေးငယ်၏ သေဆုံးမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရသည့် အသက်မပြည့်သေးသည့် ဆွေမျိုးဖြစ်သူကို စစ်ဆေးမေးမြန်းရန် စနေနေ့ နံနက်ပိုင်းက အဆိုပါ သီခရွန်ကျေးရွာသို့ သွားရောက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သံသယရှိသူနှစ်ဦးမှာ သေဆုံးသူ မိန်းကလေးငယ်၏ ဦးလေးတော်စပ်သူ အသက် ၁၇ အရွယ် “ပဲ” (Pae) နှင့် အစ်မတော်စပ်သူ အသက် ၁၃ အရွယ် “ကန္တာ” (Kanda) တို့ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးက မိန်းကလေးငယ် သေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။

၎င်းတို့နှစ်ဦးက စုံစမ်းစစ်ဆေးရေးအရာရှိများထံ ထွက်ဆိုချက်အရ မေလ ၃၀ ရက်နေ့တွင် ၎င်းတို့သည် နောင်အငွန်နှင့်အတူ နေအိမ်၌ ရှိနေခဲ့ပြီး အတူတူ ဆော့ကစားခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆော့ကစားရင်း တစ်ချိန်တွင် ၎င်းတို့သည် မိန်းကလေးငယ်၏ ဦးခေါင်းကို ဓာတ်မြေသြဇာအိတ်ဖြင့် စွပ်ကာ လည်ပင်းညှစ်ဟန် ဆော့ကစားခဲ့ကြသည်။ သို့သော်လည်း မိန်းကလေးငယ်မှာ ရုတ်တရက် ငြိမ်သက်သွားခဲ့သဖြင့် ၎င်းတို့က အိတ်ကို အမြန်ဖယ်ရှားခဲ့သော်လည်း မိန်းကလေးငယ်မှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးမှာ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး အဖြစ်မှန်ကို ဖုံးကွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ စိတ်အေးအေးထားပြီးနောက် ၎င်းတို့သည် မိန်းကလေးငယ်၏ ရုပ်အလောင်းကို ဗီရိုတစ်ခုအတွင်း ထည့်သွင်းကာ ဘေးတွဲဆိုင်ကယ်ဖြင့် သယ်ဆောင်သွားခဲ့ကြသည်။
ထိုနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ၎င်းတို့သည် “ချောင်ဖိုခေါင်ယိုင်” (Chao Pho Khao Yai) နတ်ကွန်းနှင့် မျက်နှာချင်းဆိုင်ရှိ ရော်ဘာစိုက်ခင်းသို့ မောင်းနှင်သွားခဲ့ပြီး ဝါးရုံပင်အတွင်း ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြကာ နေအိမ်သို့ ပြန်လာပြီး ဘာမျှမဖြစ်ခဲ့သကဲ့သို့ နေထိုင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် စနေနေ့က အသက် ၁၇ အရွယ် သံသယရှိသူကို အခင်းဖြစ်ပွားရာနေရာ နှစ်ခုဖြစ်သည့် သေဆုံးသူ၏ နေအိမ်နှင့် ရုပ်အလောင်း စွန့်ပစ်ခဲ့သည့် နေရာများသို့ ခေါ်ဆောင်ကာ အမှုဖြစ်စဉ်ကို ပြန်လည်သရုပ်ပြစေခဲ့သည်။
အသက် ၁၃ အရွယ် မိန်းကလေးမှာမူ ကလေးသူငယ် (အသက်မပြည့်သေးသူ) ဖြစ်သည့်အတွက် အမှုဖြစ်စဉ် ပြန်လည်သရုပ်ပြရာတွင် ခေါ်ဆောင်ခဲ့ခြင်းမရှိပေ။ သံသယရှိသူ နှစ်ဦးစလုံးကို နောက်ထပ် စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်ရန် ဆန်ခလာဘူရီရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို လာရောက်စောင့်ကြည့်နေကြသည့် ဒေသခံပြည်သူများသည် သံသယရှိသူများမှာ သေဆုံးသူ၏ မိသားစုဝင်များဖြစ်နေကြောင်း သိရှိရသဖြင့် တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးအရာရှိများအနေဖြင့် ကလေးငယ် သေဆုံးမှုအတွက် တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် စိတ်သက်သာရာ ရရှိမိကြောင်းလည်း ဒေသခံအများအပြားက ပြောကြားခဲ့ကြသည်။
Ref : Bangkok Post
