သက်တံ့
၆. ၆. ၂၀၂၆
ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် စစ်စရိတ်ကို နှစ်ဆနီးပါး တိုးမြှင့်သုံးစွဲသွားရန် ကတိပြုထားသည့် နယူးဇီလန်နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ ရေတပ်သုံးရဟတ်ယာဉ် Seahawk Helicopter ၅ စင်း ရောင်းချမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံက အတည်ပြုလိုက်သည်။
“နယူးဇီလန်အစိုးရဆီ MH-60R ဘက်စုံသုံး ရဟတ်ယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ရောင်းချမှု (Foreign Military Sale) ပြုလုပ်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူခွင့်ပြုချက် ပေးလိုက်ပါတယ်” ဟု ၎င်းဝန်ကြီးဌာန၏ ဝဘ်ဆိုက်တွင် သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ဦးဆောင်သည့် အစိုးရသည် ဥရောပနှင့် အာရှ-ပစိဖိတ်ဒေသရှိ မဟာမိတ်နိုင်ငံများကို စစ်စရိတ်တိုးမြှင့်ရန် တွန်းအားပေးလျက်ရှိသည်။ အိမ်နီးချင်း ဩစတြေးလျနိုင်ငံ၏ ရင်းနှီးသောမဟာမိတ်ဖြစ်သည့် နယူးဇီလန်နိုင်ငံသည် တရုတ်နိုင်ငံ၏ စစ်ရေးအရှိန်အဟုန်ဖြင့် ထိုးတက်လာမှုများကြားတွင် အနောက်နိုင်ငံများ၏ စစ်တပ်များနှင့် ၎င်းတို့၏မိတ်ဖက်များကို ထောက်ပံ့ကူညီရန် အရှေ့အာရှတစ်ခွင်၌ စစ်အင်အား ဖြန့်ကြက် ချထားမှုများကို တိုးမြှင့်လုပ်ဆောင်လာနေသည်။
“အခုရောင်းချဖို့ အဆိုပြုထားတဲ့ အစီအစဉ်က နယူးဇီလန်ရဲ့ အဓိကအခြေခံအဆောက်အအုံ တွေအတွက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးကို ပေးစွမ်းနိုင်မှာဖြစ်ပြီး၊ လက်ရှိနဲ့ အနာဂတ် စစ်မက်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်စွမ်း တိုးတက်လာစေမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သလို နယူးဇီလန်နိုင်ငံအနေဖြင့် “မြှင့်တင်လိုက်တဲ့ စွမ်းရည်တွေကို အသုံးပြုပြီး မိမိတို့နိုင်ငံရဲ့ ကာကွယ်ရေးကို အားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ထည့်သွင်းပြောဆိုခဲ့သည်။
လော့ခ်ဟိဒ်မာတင် (Lockheed Martin) ကုမ္ပဏီ၏ လက်အောက်ခံ ဆီကောစကီး (Sikorsky) ဌာနခွဲမှ ထုတ်လုပ်သည့် Seahawk Helicopter များ ဝယ်ယူမည့်အစီအစဉ်သည် နယူးဇီလန် ဗဟိုလက်ယာယိမ်းအစိုးရ၏ ၂၀၂၅ ခုနှစ် အစီအစဉ်တစ်ခု၏အစိတ်အပိုင်း ဖြစ်သည်။ ၎င်းအစီအစဉ်အရ လာမည့် ၄ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို နယူးဇီလန်ဒေါ်လာ ၉ ဘီလျံ (ကန်ဒေါ်လာ ၅ ဘီလျံ) အထိ တိုးမြှင့်ရန်နှင့် ၈ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၂ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးမြှင့်ရန် ရည်မှန်းထားသည်။
ကျွန်းစုနိုင်ငံဖြစ်သည့် နယူးဇီလန်သည် ၎င်း၏တပ်မတော်ကို အဆင့်မြှင့်တင်ရန်အတွက် ပြီးခဲ့သည့်လက ကာကွယ်ရေးရန်ပုံငွေအသစ်အဖြစ် နယူးဇီလန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလျံ (ကန်ဒေါ်လာ ၉၁၆ သန်း) ချထားပေးခဲ့သည်။
ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဇွန် (Christopher Luxon) ကလည်း နယူးဇီလန်ကာကွယ်ရေးတပ်ဖွဲ့များတွင် နှစ်ပေါင်း ၃၀ ကြာ ရင်းနှီးမြှုပ်နှံမှု အားနည်းခဲ့ပြီးနောက် အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။
ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီဆီ (Anthony Albanese) နှင့် နှစ်ပတ်လည် နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲ တက်ရောက်နေသည့် လူဇွန်က ဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်မှနေ၍ ရုပ်သံမှတ်ချက်တစ်ခုတွင် “ကျွန်တော်တို့ဟာ အေးချမ်းသာယာတဲ့ အခြေအနေကနေ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အခြေအနေဆီကို ကူးပြောင်းရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးမြှင့်တာဟာ လုံးဝကို သင့်လျော် လျောက်ပတ်ပါတယ်” ဟု ပြောကြားခဲ့သည်။ (၁ အမေရိကန်ဒေါ်လာ = ၁ ဒသမ ၇၂၅၃ နယူးဇီလန်ဒေါ်လာ)
Ref : Reuters
