◾ နိုင်ငံတကာဥပဒေအရ စစ်သုံပန်းအဖြစ် သတ်မှတ်ခွင့်မရှိသူများကို ဖမ်းဆီးအောင်ပွဲခံကာ စစ်ရာဇဝတ်မှူကျူးလွန်နေသော်လည်း ကုက္ကိုလ်စုပြည်သူ့စစ်ရွာမှ ခေါင်းဆောင်အားလုံး လွတ်မြောက်နေဟုပါ ဝန်ခံထား
နေမိုး
၆.၆.၂၀၂၆
ရင်ခွင်ပိုက်ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများအပါအဝင် ကုက္ကိုလ်စုရွာမှ လူ ၇၀ ကျော်အား ပျူထီးပျူမဟု တံဆိပ်ကပ်ကာ စစ်သုံပန်းအဖြစ် ဖမ်းဆီးလိုက်နိုင်သည်ဟု NUG ၏ အညာမြေတပ်ပေါင်းစုက ယနေ့တွင် အောင်ပွဲခံချက် ထုတ်ပြန်လာသည်။
ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာအား ဇွန်လ ၄ ရက်နေ့တွင် NUG ဩဇာခံ အညာမြေတပ်ပေါင်းစု PDF ရာထောင်ချီက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန် ၄ ရက်တွင် ကုက္ကိုလ်စုရွာ သိမ်းလိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ ကနဦးသတင်းများအရ ထိုတိုက်ပွဲများအတွင်း ကုက္ကိုလ်စုရွာမှ အပြစ်မဲ့ပြည်သူများနှင့် ပြည်သူ့စစ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၄၀၀ ထက်မနည်း သေဆုံး ဖမ်းဆီးမှု ခံခဲ့ရသည်။









ထိုသို့ဖြစ်ပွားမှုကြောင့် ကုက္ကိုလ်စုရွာမှ ရင်ခွင်ပိုက်ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများအပါအဝင် လူ ၇၀ ကျော်က မြိုင် စက်မှု (၂) သို့ ထွက်ပြေးကြသဖြင့် PDF တပ်ပေါင်းစုက လိုက်လံဖမ်းဆီးရာ မေ ၅ ရက်ညနေတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
အညာမြေတပ်ပေါင်းစု၏ လိမ်လည်ထုတ်ပြန်ချက်တွင် ထွက်ပြေးသူများမှာ လက်နက်ခဲယမ်းများ ယူဆောင်သွားသည်ဟု ကြေညာချက်ထုတ်သော်လည်း ဖမ်းမိသူများထံမှ လက်နက်ခဲယမ်း မတွေ့ရှိသလို ခုခံပစ်ခတ်မှုလည်း မရှိပေ။ သို့သော် NUG ဩဇာခံ PDF များကမူ ယင်းတို့ထံ အညံ့မခံခြင်း၊ လက်နက်မချဘဲ ထွက်ပြေးခြင်းကြောင့် စစ်သုံပန်းတံဆိပ်ကပ်ကာ ဖမ်းဆီးထားသည်ဟု ထုတ်ပြန်သည်။ ထို့အပြင် ဖမ်းမိသူများတွင် အဓိကကျသော ကုက္ကိုလ်စုရွာပြည်သူ့စစ်ခေါင်းဆောင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးတို့မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဝန်ခံထားသည်။
နိုင်ငံတကာ စစ်ဥပဒေ (International Humanitarian Law) နှင့် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Conventions) အရ တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသည့် ရင်ခွင်ပိုက်ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများကို စစ်သုံပန်းဟု မသတ်မှတ်ဘဲ ၎င်းတို့သည် “ကာကွယ်စောင့်ရှောက်ရမည့် အရပ်သားများ” သာ ဖြစ်ပြီး ၎င်းတို့ကို သုံပန်းအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်း သို့မဟုတ် အကျဉ်းချခြင်းသည် နိုင်ငံတကာ စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းသာဖြစ်သည်။
ထိုသို့ NUG ၏ အညာမြေတပ်ပေါင်းစု PDF များက စစ်သုံပန်းအဖြစ် မသတ်မှတ်သင့်သူများကို စစ်သုံပန်းအဖြစ် ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်အပေါ် DCS(CDM) ကျောင်းဆရာ ဖြိုးဝေအောင်က “ခုက ပျူစောထီးတွေကို ဖမ်းလာတာလား။ ရွာလုံးကျွတ် ဖမ်းလာတာလား။ မသိလို့ပါ။ ဓာတ်ပုံထဲမှာ တန်းစီပြီးပါလာကြတာကို ကြည့်ရင် လူကြီးကအစ၊ ကလေးပါမကျန်၊ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုအဆုံး အကုန်လုံး ပါနေတာနော်။ မွေးကင်းစ ကလေးလည်း ပျူစောထီး။ တုန်ချိနေတဲ့ အဘိုးကြီး၊ အဘွားကြီးတွေလည်း ပျူစောထီး” ဟု ဝေဖန်ထားသည်။
ပုံစာ။ ပျူထီးပျူမ တံဆိပ်ကပ်ကာ PDF များ ဖမ်းဆီးခံရသည့် ကုက္ကိုလ်စုရွာမှ ရင်ခွင်ပိုက်ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ပုံရိပ်။
